ကင်ဂျုံးအွန် ဘာ လုပ်နေတယ် ဆိုတာ သိပေမယ့်ပြောမပြနိုင်ဘူးဆိုတဲ့ ” ထရမ့် ”

Posted on

ကင်ဂျုံးအွန် ဘာ လုပ်နေတယ် ဆိုတာ သိပေမယ့် ပြောမပြနိုင်ဘူးလို့ ထရမ့် ဆို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန် ရဲ့ ကျန်းမာရေး အခြေအနေကို သိပါတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပြီး ကင်ဂျုံးအွန် သက်ရှိထင်ရှားရှိနေဆဲဆိုတာကို အရိပ်အမြွက်ပြောပါတယ်။ ဒါပေမယ့် ဘယ်လို အချက်အလက်ကြောင့် သိရှိသလဲ ဆိုတာနဲ့ အသေးစိတ် ပြောရန်ကိုတော့ ထရမ့်က ငြင်းဆန်ပါတယ်။

ကင်ဂျုံးအွန်ရဲ့ အခြေအနေကို သိသလား လို့ တနင်္လာနေ့က အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ မေးမြန်းတာကို ထရမ့်က “သိတာပေါ့၊ ဒါပေမယ့် ခုချိန်မှာတော့ ကျွန်တော် မပြောနိုင်သေးဘူး။”လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော် သူ့ကို နေကောင်းစေချင်တယ်။ သူ ကောင်းကောင်းမွန်မွန် ရှိတယ်လို့ ကျွန်တော် မျှော်လင့် တယ်။ သူ ဘာလုပ်နေလဲဆိုတာ ကျွန်တော် သိပါတယ်။” လို့ ထရမ့်က ပြောပါတယ်။

“ဘယ်သူမှ သူ ဘယ်မှာရှိလဲဆိုတာ မသိဘူး။”ဟု မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ပတ်သက်တဲ့ ဒုတိယမေးခွန်း ကို ထရမ့်က တုံ့ပြန်ဖြေကြားပါတယ်။ ကင်ဂျုံးအွန်ဟာ နှလုံး ခွဲစိတ်မှု ခံထားရတယ်လို့ တောင်ကိုရီးယား သတင်းတစ်ရပ်က ဖော်ပြပြီးနောက် နိုင်ငံတော်အခမ်းအနားတစ်ချို့ကိုလည်း ၎င်း တက်ရောက်ခဲ့ခြင်း မရှိတာကြောင့် သူ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထင်ကြေး အမျိုးမျိုး ထွက်ပေါ်နေခဲ့ တာပါ။

ကင်ဂျုံးအွန်ဟာ ကျန်းမာရေး ယိုယွင်းသွားပြီလို့ ဆိုကြသ လို ကွယ်လွန်သွားပြီလို့လည်း ယူဆတာတွေ ရှိနေတာ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေတဲ့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာဟာ တနင်္ဂနွေနေ့မှာ ကင်ဂျုံးအွန်က ဆမ်ဂျီယွန်မြို့က အိမ်ရာတည်ဆောက်နေတဲ့ အလုပ်သမားတွေကို ကျေးဇူးတင်စကား ဆိုခဲ့ တယ်လို့ ဖော်ပြလာကြောင်း တောင်ကိုရီးယား ယွန်ဟတ်သတင်းက ဆိုပါတယ်။ ဒါပေမယ့် ကင်ဂျုံးအွန် ဘယ်မှာ ရှိနေတယ်ဆိုတာနဲ့ သူ ဓာတ်ပုံတွေကိုတော့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ခြင်း မရှိဘူးလို့ ယွန်ဟတ်သတင်းက မှတ်ချက်ပြုပါတယ်။

တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယား သမ္မတ နိုင်ငံခြားရေးရာ အကြံပေး မွန်းချန်က ကင်ဂျုံးအွန် သက်ရှိထင်ရှား ရှိနေပြီး ကောင်းကောင်းမွန်မွန် ရှိနေပုံ ရပါတယ်လို့ Fox News ကို ပြောပါတယ်။ သီတင်းပတ်အစောပိုငးက တောင်ကိုရီးယားက Daily NK သတင်းဌာနဟာ မြောက်ကိုရီးယားခေါင်းဆောင်က ဧပြီ ၁၂ ရက်မှာ နှလုံး ခွဲစိတ်မှု ခံယူခဲ့တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ကင်ဂျုံးအွန်ဟာ သူ့ အဘိုးရဲ့ မွေးနေ့အခမ်းအနားဆီ တက်ရောက်ခြင်း မရှိတာအတွက် သူ့ မကျန်းမမာ ဖြစ်နေတယ်ဆိုပြီး ကောလဟလတွေ ထွက်ပေါ် လာတော့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ CNN သတင်းဌာနကလည်း အမည်မဖော်တဲ့ အမေရိကန် တာဝန်ရှိသူတွေကို ကိုးကားပြီး ကင်ဂျုံးအွန် ကျန်းမာရေး ဆိုးနေတယ်လို့ ဖော်ပြခဲ့တာပါ။

New York Post သတင်းဌာနက HKSTV Hong Kong Satellite Television က လက်ထောက်ညွှန်ကြားရေးမှူးကို ကိုးကားပြီး အလွန်ကို ခိုင်မာတဲ့ သတင်းရင်းမြစ်အရ ကင်ဂျုံးအွန် ကွယ်လွန် သွားပြီဆိုပြီး ဖော်ပြခဲ့ပါတယ်။ ထပ်ဆင့်၍လည်း ဂျပန်က အပတ်စဉ်ထုတ် Shukan Gendai သတင်းစာ ကတော့ ကင်ဂျုံးအွန် ဟာ ခုလ အစောပိုင်း က ခွဲစိတ်ခံပြီးနောက်မှာ မသန်မစွမ်း ဖြစ်သွားတယ်လို့ အသီးသီး ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *