အောင်မြင်ကျော်ကြားတဲ့မင်းသားတစ်လက်ဖြစ်ပေမယ့် အနုပညာအလုပ်တွေကို စွန့်ခွာပြီး ပရဟိတလုပ်ရင်း ရှင်သန်နေသူကတော့ ဝေဠုကျော်ပါ။ ဝေဠုကျော်ဖောင်ဒေးရှင်းကနေတဆင့် လိုအပ်တဲ့နေရာတွေကို ငွေအားသာမက လူအားနဲ့ပါ ထိထိရောက်ရောက်ကူညီနေသူပါ။
လတ်တလောမှာလည်း မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါစတင်ကတည်းက ကူညီကာကွယ်ရေးလုပ်ငန်းတွေမှာ ဆက်တိုက်ပါဝင်နေသလို ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဝါးနေ့ လေးကိုလည်း ပရိသတ်ကြီးအသိပညာတိုးစေဖို့မျှဝေခဲ့ပြီး ကိုယ်တိုင်လည်းစိုက်ပျိုးသွားမယ်လို့ သိရပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ကြဖို့ သစ်ပင်တွေခုတ်မယ့်အစား သစ်အစားထိုး ဝါးတွေကို များများအသုံးပြုခြင်းဖြင့် သစ်တောပြုန်းတီးမှုကို လျော့ချကြဖို့ အသိပညာပေးခဲ့တဲ့အပြင် အရင်နှစ်တွေကတည်းက ကမ္ဘာ့ဝါးနေ့မှာ ဝါးပင်များစွာ စိုက်ပျိုးခဲ့ဖူးသူပီပီ ဒီနှစ်မှာလည်း ထပ်မံစိုက်ပျိုးသွားဦးမှာပါတဲ့ ပရိသတ်ကြီးရေ။
ဝါးပင်တွေကိုတော့ လွယ်လင့်တကူစိုက်ပျိုးနိုင်တဲ့အပြင် ဝါးနဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံနဲ့ လှပတဲ့အပန်းဖြေအိမ်လေးတွေအထိ ဝါးနဲ့ ဆောက်လုပ်အသုံးပြုလာခြင်းဖြင့် သစ်အသုံးပြုမှု ပိုမိုနည်းပါးလာစေမှာဖြစ်ပြီး ကမ္ဘာမြေအတွက် အကျိုးရှိစေမှာပါ။ နိုင်ငံတော်တော်များများမှာလည်း ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ရောက်တိုင်း ဝါးပင်တွေစိုက်ပျိုးလေ့ရှိတဲ့အပြင် ဝါးနဲ့အသုံးအဆောင်အသစ်အဆန်းလေးတွေ ဖန်တီးပြုလုပ်ပြီး ခင်းကျင်းပြသလေ့ရှိကြောင်း ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်နော်။ ပရိသတ်ကြီးလည်း ကိုဗစ်ကာလ အိမ်မှာပျင်းနေရင် သစ်ပင်လေးတွေစိုက်ပြီး စိမ်းစိုသာယာတဲ့ပတ်ဝန်းကျင်လေးကို ဖန်တီးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။