လက်ရှိအချိန်ဟာ COVID 19 ဖြစ်ပွားနေတဲ့ ကာလဖြစ်တာကြောင့် ကုမ္ပဏီတော်တော်များများ စီးပွားရေး အကျပ်အတည်း ဖြစ်နေတဲ့ ကာလဆိုလည်း မမှားပါဘူး။ ဝန်ထမ်းတွေခမျာမှာလည်း Work from ရတဲ့ လူတွေ၊ ကုမ္ပဏီဆက်မလည်ပတ်ဖြစ်လို့ ထွက်လိုက်ရတဲ့ ဝန်ထမ်းတွေ၊ လစာအပြည့်မရတဲ့ ဝန်ထမ်းတွေနဲ့ နည်းမျိုးစုံ ဒုက္ခရောက်နေကြတာပါပဲ။ အခုလည်း အမျိုးသားလုပ်ငန်းရှင်တစ်ယောက်ဟာ အစိုးရဆီကနေ ဝန်ထမ်းတွေအတွက် COVID 19 ထောက်ပံ့ကြေးဆိုပြီး ငွေတွေ လိမ်ထုတ်သွားကာ Lamboghini ကားဝယ်စီးနေတာကြောင့် ရဲဖမ်းခံခဲ့ရကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အဆိုပါအမျိုးသားကတော့ အသက် ၂၉ နှစ်အရွယ် David T.Hines အမည်ရ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံ၊ Florida ပြည်နယ်မှာ နေထိုင်ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံမှာ COVID 19 နဲ့ ပတ်သတ်ပြီး ဥပဒေတစ်ခု ရှိပါတယ်။ အဲဒါကတော့ အစိုးရကနေ ကုမ္ပဏီဝန်ထမ်းတွေကို ထောက်ပံ့တဲ့ ဥပဒေသစ်ပဲ ဖြစ်ပါတယ်။ COVID 19 ကပ်ရောဂါကြောင့် ကုမ္ပဏီဝန်ထမ်းတွေ ရုံးမတက်ရတာတို့၊ ကုမ္ပဏီက အခြေအနေအကြောင်းကြောင့်ကြောင့် ရပ်နားလိုက်ရရင် ဝန်ထမ်းတွေရမယ့် လစာရဲ့ ၇၀ ရာခိုင်နှုန်းကို အစိုးရကပေးပြီး ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ကုမ္ပဏီပိုင်ရှင်က ပေးရတာပဲ ဖြစ်ပါတယ်။
အခုလည်း David ဟာ သူ့ကုမ္ပဏီက ဝန်ထမ်း အယောက် ၇၀ အတွက် COVID 19 ထောက်ပံ့ကြေးကို သက်ဆိုင်ရာ အစိုးရဌာနဆီကို တင်ပြတဲ့အခါမှာတော့ အမေရိကန်ဒေါ်လာ ၁၃.၅ သန်းကို စာရွက်စာတမ်းတွေနဲ့ အတိအကျ တင်ပြခဲ့ပါတယ်။ တစ်ကယ်တမ်းတော့ အဲဒီစာရွက်စာတမ်းတွေက အတုတွေပါပဲ။ ဒီလိုနဲ့ သက်ဆိုင်ရာ အစိုးရဌာနကနေပြီးတော့ မေလထဲမှာ အမေရိကန်ဒေါ်လာ ၃.၉ သန်းကို David ထံ ပေးခဲ့ပါတယ်။ ဒါပေမယ့် David သတိလွတ်သွားတာတစ်ခုက အစိုးရဌာနတွေဟာ ဒီလို COVID 19 ထောက်ပံ့ကြေးပေးပြီးရင် ဒီငွေတွေ ဝန်ထမ်းတွေဆီ တစ်ကယ်ရောက်မရောက် နောက်ကနေ လိုက်စုံစမ်းတတ်တာကိုပါပဲ။
ဒီလိုနဲ့ David ဟာ သူ့လက်ထဲကို ငွေတွေရောက်ရောက်လာချင်း အမေရိကန်ဒေါ်လာ ၃သိန်းကျော်တန် Lamboghini ပြိုင်ကားကြီးဝယ်စီးပြီး တစ်ကယ့်ဟိုတယ် အကောင်းစားတွေချည်းမှာ လိုက်တည်းနေတာကို ခြေရာခံမိခဲ့ပြီး နောက်ဆုံးမှာတော့ အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။