ရုရှားနိုင်ငံဟာ ကိုဗစ်ကာကွယ်ဆေးထုတ်နိုင်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာတယ်လို့ သမ္မတပူတင်က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာဖက်က သံသယရှိနေသည့်တိုင် ဒီဆေးဟာ အသုံးပြုဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး စမ်းသပ်မှုအဆင့်ဆင့်ပြုလုပ်ထားတဲ့အပြင် ရောဂါပိုးတိုက်ဖျက်ရေးအတွက် ထိရောက်မှုရှိတယ်လို့ မစ္စတာ ပူတင်ကဆိုပါတယ်။ဒါပေမယ့် သိပ္ဗံပညာရှင်တွေကတော့ ကာကွယ်ဆေးစပ်သပ်မှုအတွက် လူထောင်ပေါင်းများစွာကို လနဲ့ချီအချိန်ယူ စမ်းသပ်ဖို့လိုတဲ့အတွက် ရုရှားဖက်က အခုလို အလောတကြီးထုတ်ပြန်တဲ့အပေါ် ဝေဖန်နေပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအတွက် စိုးရိမ်နေကြပါတယ်။
သမ္မတပူတင်ကတော့ စမ်းသပ်မှုတွေလုပ်ပြီးပြီ၊ လုံခြုံစိတ်ချရပါတယ်လို့ အင်္ဂါနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းဝေးတခုမှာ ကြေညာခဲ့ပါတယ်။ ကျန်းမာ ရေးဝန်ထမ်းတွေ၊ ကျောင်းဆရာတွေ၊ တခြားရောဂါကူးနိုင်ခြေများတဲ့အုပ်စုတွေကို ပထမ ဦးစားပေးအဖြစ် ဒီဆေးကို အသုံးပြုခွင့်ပေးမယ်လို့ ရုရှားအာဏာပိုင်တွေကပြောပါတယ်။ဒီဆေးကို Gamaleya Institute က စမ်းသပ်ထုတ်လုပ်တာဖြစ်ပြီး စက်တင်ဘာလထဲမှာ အများအပြားထုတ်လုပ်သွားမယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ရုရှားနိုင်ငံမှာ ကွန်ဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ 897,599 ဦးရှိပြီး သေဆုံးသူကတော့ 15,131 ဦးရှိပါတယ်။WHO ကတော့ ဒီဆေးကို မထုတ်လုပ်ခင်မှာ စမ်းသပ်မှု အပြည့်အဝလုပ်သင့်တယ်လို့ ပြောဆိုထားပါတယ်။