ဗေဒင်ဆရာက Apple လက်ပ်တော့ကို အသုံးပြုပြီး သူ့ရဲ့စားပွဲပေါ်မှာတော့ အမွှေးတိုင်ရနံ့တွေက လွှမ်းခြုံလို့နေပါတယ်။ဒေါင်းတောင်တွေ၊ ဗေဒင်ကသိုဏ်းရှုဖန်လုံးတွေနဲ့ အလှဆင်ထားပြီး ရွှေရောင်လွှမ်းနေတဲ့ သူ့ရဲ့ရုံးခန်းထဲမှာ အိန္ဒိယ နက္ခဗေဒင်ဆရာ ဆန်ဂျေးရှာမာတစ်ယောက် ဗေဒင်လာမေးသူတွေကို သူတို့ရဲ့ အနာဂတ်မှာ ဘာတွေဖြစ်နိုင်တယ်ဆိုတာ ဗေဒင်ဟောကိန်းထုတ်ရင်း အလုပ်များနေပါတယ်။
COVID-19 ကပ်ရောဂါကြောင့် သူတို့ရဲ့ လက်ရှိဘဝမှာ အခက်ကြုံနေကြရတဲ့ ဗေဒင်မေးသူတွေကလည်း ဗေဒင်ဆရာဆန်ဂျေးထံကို အားကိုးတကြီး ရောက်လာကြပါတယ်။ “အခု လူတွေက သူတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အမှန်တစ်ကယ်ကို စိုးရိမ်ပူပန်နေကြတယ်၊ သူတို့ ဘယ်လို ရှင်သန်ကြမလဲ? သူတို့ရဲ့ အလုပ်အကိုင် ဆုံးရှုံးမှာလား? မဆုံးရှုံးဘူးလား? သူတို့ရဲ့ လုပ်ငန်းတွေ ဆက်လက် လည်ပတ်နိုင်မလား? ရပ်ဆိုင်းသွားမလား? ဆိုတာတွေကိုပေါ့” လို့ ဆန်ဂျေးက ပြောပါတယ်။ဗေဒင်ဆရာဆန်ဂျေးက Apple လက်ပ်တော့ကို အသုံးပြုပြီး သူ့ရဲ့စားပွဲပေါ်မှာတော့ အမွှေးတိုင်ရနံ့တွေက လွှမ်းခြုံလို့နေပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၃.၄ သန်းကျော်နဲ့ သေဆုံးသူ ၆၂,၀၀၀ ကျော်ရှိခဲ့တဲ့ အိန္ဒိယမှာ ပြည်သူတွေက သူတို့ရဲ့ လာမယ့် အနာဂတ်အခြေအနေ၊ လက်ရှိ ကျန်းမာရေး၊ ငွေရေးကြေရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြေရှင်းနိုင်ရန် နက္ခဗေဒင်ဆရာများ၊ တဲရော့ဗေဒင်ဆရာများနဲ့ ဘာသာရေး ဆေးဆရာများထံ အများအပြား လာရောက်မေးမြန်းကြပါတယ်။
“ကျွန်မတို့ စိတ်အနှောင့်အယှက်ဖြစ်တဲ့အခါနဲ့ စိုးရိမ်စိတ်တွေ ခံစားရတဲ့အခါတိုင်း ဒီကိုလာကြပါတယ်” လို့ အသက် ၅၂ နှစ်အရွယ် အန်ဂျူးဒီဗီ အမည်ရှိ ဗေဒင်မေးသူ အမျိုးသမီးကြီးက ပြောပါတယ်။ သူမက သားဖြစ်သူရဲ့ ကျဆင်းနေတဲ့ စီးပွားရေးလုပ်ငန်းနဲ့ သမီးဖြစ်သူရဲ့ အိမ်ထောင်ရေး အလားအလာတို့အတွက် ဗေဒင်လာမေးတာ ဖြစ်ပါတယ်။ “စိတ်ဓတ်ကျနေသူတွေနဲ့ ဆေးတွေသောက်နေရသူတွေက ဒီကိုလာပြီးရင် စိတ်ဓာတ်ပြန်တက်ကြွလာပြီး သူတို့ကို အဲဒီလို အခြေအနေတွေကနေ လွတ်မြောက်ဖို့ အကူအညီဖြစ်စေတယ်လေ” လို့ သူမက ပြောပါတယ်။
အိန္ဒိယ နက္ခဗေဒင်ဆရာတွေ၊ လက္ခဏာဆရာတွေ၊ နံပါတ်များဖြင့် ဟောကိန်းထုတ်သူတွေနဲ့ တဲရော့ဗေဒင်ဆရာတွေဟာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ရာပေါင်းများစွာ ဝင်ငွေရရှိကြတယ်လို့ ဆိုပါတယ်။ ဗေဒင်မေးမြန်းတဲ့ ဉာဏ်ပူဇော်ခဟာ ဗေဒင်ဆရာနဲ့ တွေ့ဆုံမေးမြန်းတဲ့ အချိန်ကြာမြင့်မှုအပေါ် မူတည်ပြီး အိန္ဒိယရူပီးငွေ ၁၀၀ (မြန်မာကျပ်ငွေ ၁,၈၀၀ ကျော်) မှ ရူပီးငွေထောင်နဲ့ချီ ပမာဏအထိ ဖြစ်ပါတယ်။အိန္ဒိယမှာ နိုင်ငံရေးသမားတွေ၊ ဘောလိဝုဒ်စတားတွေနဲ့ ပရော်ဖက်ရှင်နယ် ခရစ်ကတ်ကစားသမားတွေ တွေ့ဆုံမေးမြန်းလေ့ရှိကြတဲ့ နာမည်ကြီး နက္ခဗေဒင်ဆရာ အဂျေးဘမ်ဘီရဲ့ အဆိုအရ သူ့လုပ်ငန်းဟာ COVID-19 ဖြစ်ပွားချိန်မှစပြီး ၄၀ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ သူက အိန္ဒိယရဲ့ COVID-19 အကျပ်အတည်းဟာ မတ်လနောက်ပိုင်း သိသိသာသာ တိုးတက်ကောင်းမွန်တဲ့ အခြေအနေဖြစ်လာမယ်လို့ ဟောကိန်းထုတ်ထားခဲ့တယ်လို့ Reuters သတင်းက ဆိုပါတယ်။