ကိုဗစ် ဒုတိယလှိုင်း ကာကွယ်ရာမှာ အသုံးချနိုင်ဖို့အတွက် နောက်ဆုံးရ သတင်းအချက်အလက်များ

Posted on

“ပိုမို ကူးစက်လွယ်တဲ့ စတိုင်အသစ်နဲ့ ကိုဗစ်”ဗိုင်းရပ်ပိုးတွေ သဘာဝက အချိန် ကာလအရလည်းကောင်း၊ လူကိုယ်ခန္ဓာအတွင်း တိုးပွားရာမှလည်းကောင်း၊ ပတ်ဝန်းကျင် အခြေအနေအရလည်းကောင်း ဗီဇပုံစံ ပြောင်းလဲ (mutant) တတ်တဲ့ သဘာဝ ရှိပါတယ်။ ဒီတော့ ကမ္ဘာတလွှား လူသိများပါတဲ့ ကိုဗစ်.. သူလည်း ဘယ်နေမလဲဗျာ၊ ပြောင်းတာပေါ့။ ဒီတော့ မူလလက်ဟောင်း အော်ရီဂျင်နယ်-ကိုဗစ်နဲ့ အသစ် D164-G ဗီဇပြောင်း ကိုဗစ် ဘာကွာသလဲ ဆိုတော့ အလွယ်ပြောရင် ၁၀ ဆ ပိုမို ကူးစက်အားကောင်းလာသတဲ့။

တကယ့် အနုစိတ် ဆိုရရင် လူရဲ့ကိုယ်ထဲမှာ ဆဲလ်တွေထဲ ကူးလူးပျံ့နှံ့ တိုးပွားတဲ့ (in vitro infectivity) နှုန်းက သုံးဆမှ ကိုး ဆအထိ ပိုမို အင်အားကောင်းလာတာပါ။ ပိုးကောင်ရေ (viral load) တိုးပွားနှုန်း ပိုကောင်းလာတယ်ပေါ့။ ဖြစ်တတ်တဲ့ သဘာဝက ပိုးကောင်ရေ များလေလေ သူများကို ပြန်ကူးစက် ဖြန့်ချိတာတို့၊ အခြားသူဆီကို ထွက်သွားတဲ့ ပိုးကောင်ရေ ပမာဏတို့ ပိုများလာမှာပဲ၊ ဒီလိုမျိုး ဆိုလိုတာပါ။ အရင်က ငါးယောက်ကူးရင် အခု ၅၀ ကူးမယ် ဒီလိုကြီးတော့လည်း မဟုတ်ပါဘူး။ သို့သော် တစ်ယောက်မှာ ပိုးရှိရင် နောက်လူကို ကူးစက်ဖို့ ဖြစ်နိုင်ချေက သေချာပေါက် နီးနီး ပိုလို့များလာမှာပါ။

အသစ်ကောင်က သေနှုန်းကျတော့ အားနည်းသွား၊ ပျော့သွားတယ်တဲ့။ ဒါကလည်း မြန်မာပြည် သိပ်တော့ အသုံးမဝင်ဘူး၊ အခြား တိုင်းပြည်တွေမှာက ပထမအသုတ်မှာ သက်ကြီးရွယ်အို အမှည့်တွေက ကြွေပြီးသား။ ကိုယ်တွေဆီမှာက ပထမအသုတ်က အတော်လေး ထိန်းချုပ်အား ကောင်းခဲ့တာမို့ သက်ကြီးရွယ်အို၊ ရောဂါသည် ယဲ့ယဲ့လေးတွေ အစုလိုက် အပြုံလိုက် မဖြစ်ခဲ့ဘူး။ အဲဒီလို မဖြစ်ခဲ့တာကြောင့် အခု အားပျော့တယ်ဆိုပြီး ပေါ့ဆလို့မရ။ ဖွဟဲ့ အများကြီး တစ်ပြိုင်နက် ဖြစ်သွားခဲ့သော် ဆေးရုံအင်အား၊ ဆရာဝန်အင်အား၊ စက်အင်အားနိမိတ်မကောင်းတာတွေ မပြောတော့ဘူးဗျာ။ မဖြစ်အောင်နေကြမယ်။

“နောက်ဆုံးရ အထောက်အထားရှိ သာဓကတွေကို အသုံးချမယ်”ကဲ မကူးဖို့အရေး ဆက်ပြောကြမယ်ဗျာ “လက်ကိုခဏခဏ ဆေးပါ၊ လူစုလူဝေး ရှောင်ရှားပါ၊ နှာစေးချောင်းဆိုးရင် အုပ်ထားပါ၊ လက်ကိုငြိမ်ငြိမ်ထားပါ (မျက်စိ၊ နှာခေါင်း၊ ပါးစပ် မထိရ)” ဒါကတော့ သိပြီးသား။ နောက်ဆုံး update အချက်အလက်အရ ပိုးက လေထဲကနေ စကားပြောရင် ထွက်တဲ့ ရေမှုန်သေးသေးကလေး အနေနဲ့ (aerosol လို့ခေါ်ပါတယ်) ပြန့်နိုင်တယ် ဆိုတာ သေချာသွားပြီ။ (ယခင်က အမှုန်ကြီး droplet လေးပေခွာလို့ ယူဆခဲ့ပါတယ်)။ အမှုန်သေးဟာ ဆံချည်မျှင်ထက် ခြောက်ဆ သေးတဲ့ အရွယ်ပါ။ စကားပြော၊ နှာချေ၊ ချောင်းဆိုးရာမှာ ရေမှုန်သေး၊ ရေမှုန်လတ်၊ ရေမှုန်ကြီး ထွက်ပါတယ်။ အမှုန်ကြီးနဲ့ အလတ် ခြောက်ပေထိ ရောက်ပါတယ်၊ အမှုန်သေးက ၂၄ ပေ အထိ ပြန့်ပါတယ်။

ဒီတော့ Mask နှာခေါင်းစည်းရဲ့ အရေးပါပုံဟာ ထင်းခနဲ သိသာလွန်းပါတယ်။ တပ်ကြပါနော်၊ ပိုးရှိတဲ့လူဟာ အိမ်လုပ် နှာခေါင်းစည်းကို သေချာဖုံးအောင် တပ်ထားမယ် ဆိုရင် နှစ်လက်မ အထိပဲ ရေမှုန်သေးက ရောက်ပါတယ်။ Medical Mask / Surgical Mask လို့ ခေါ်တဲ့ သုံးလွှာပါတဲ့ နှာခေါင်းစည်း အပြာရောင်လေး ဆိုရင် မပျံ့သလောက် နီးပါးပါပဲ။ ဒါက ဖြန့်ချိသူ ဘက်က၊ ရှူတဲ့သူဘက်က ဆိုရင် KN 95/ N95 သာဆို မဝင်လာနိုင်ဘူးလို့တောင် ပြောလို့ရပါသတဲ့။ အိမ်လုပ်ပဲဖြစ်ဖြစ်၊ သုံးလွှာအပြာ နှာခေါင်းစည်း အစစ်ဖြစ်ဖြစ် အတော့်ကို သိသိသာသာ မဝင်လာတော့ ပါဘူးတဲ့နော်။ ဒါက မရေမရာ မဟုတ်၊ တိကျသေချာတဲ့ စမ်းထားတဲ့ နောက်ဆုံးရ သတင်း အချက်အလက်ကို ပြောပြတာပါ။

သီချင်းဆိုသူ၊ High Notes တွေမှာ အော်ပြောသူ၊ အသံကျယ်ကျယ် ပြောသူ၊ နှာချေသူတွေဟာ အများကြီးကို ၂၄ ပေ အထိ လွှင့်နေသူတွေပါတဲ့။ ဒါကြောင့် ပြည်တွင်းရော ပြည်ပရော သာဓကတွေအရ Coir တွေဆိုတာ ဘုရားကျောင်းတွေမှာ သိပ်ကူးခဲ့တာပေါ့။ နောက်ပြီး ဆေးရုံမှာ ပိုက်တပ် အောက်ဆီဂျင်ပေးတဲ့အခါ အမှုန်သေးတွေ အရမ်းကို ထွက်ပါတယ်။ ဒီလိုဆိုရင် လက်ဆေးတာကရော ဆိုတော့ကာ လူတိုင်း နှာခေါင်းစည်း တပ်ကြပါသလားလို့ ပြန်စဉ်းစားရမယ်ဗျ။ မတပ်တဲ့လူတွေ ရှိနေတယ်၊ သူတို့က ထွက်လာတဲ့ အမှုန်လေး၊ အမှုန်ကြီး (aerosol) အစက်ကြီး (droplets) စတာတွေက ကိုင်မိတဲ့နေရာကနေ လက်ကနေ တစ်ဆင့် ဝင်မှာဆိုတော့ သိပ်အရေးကြီးတာပေါ့ဗျာ၊ ဆက်ပြီး ဆေးရမှာပါ။ နှစ်ခုတွဲမှ စိတ်ချရမယ်။

ဒီလိုဆို လော့ဒေါင်းရယ်၊ အိမ်မှာနေပါ ဆိုတဲ့ ကိစ္စရယ်၊ အစမှာ ကူးစက်အား ပိုကောင်းလာတယ် ဆိုတဲ့ ကိစ္စရယ်မှာ ပြောခဲ့သလိုပဲ ပိုးဆိုတာ များများရှိသူက ဖြန့်ရင် ပိုးများများ ပါပါတယ်။ ပိုးက နည်းနည်း ဝင်ရုံနဲ့ ရောဂါ မရတတ်ဘူးဗျ၊ များများဝင်မှ ပိုဖြစ်တတ်တာ၊ နည်းနည်းဆို မလုံလောက်ဘူးပေါ့။ လုံလောက်တဲ့ ပမာဏဝင်ရင်တော့ သေချာပေါက် ရောဂါ ကူးပါတယ်။ ပိုးက အသစ်မို့ ကိုယ်ခံအား ရှိမနေလို့ပါပဲ။ အလုံပိတ်ဟာ ကူးစက်သူ ပါလာရင် သေချာပေါက် aerosol ခေါ် အမှုန်သေးနဲ့ ပိုကူးပါတယ်။ အပြင်မှာဆို လေနဲ့ရော လွင့်ပါသွားပြီး ပိုးပါဝင်မှုရော ရေမှုန်ပမာဏပါ နည်းသွားပါတယ်။ ပိုးကလည်း နေရောင်နဲ့မို့ နည်းနည်း ချိနဲ့သွားပါတယ်။

အိမ်အလုံပိတ်၊ အခန်း အလုံပိတ်၊ aircon ခန်း၊ စောင့်ဆိုင်းနေရာ၊ စျေးဆိုင် အလုံပိတ်၊ ဆေးခန်း စောင့်ဆိုင်းနေရာ၊ ဘဏ် ဒါတွေမှာ လေထဲက အမှုန်သေးနဲ့ ပိုကူးတတ်ပါတယ်။ နိုင်ငံအချို့မှာ လော့ဒေါင်း ချထားပါလျက် ပိုးကူးစက်သူ တိုးလာတာမှ များလိုက်ပါဘိသနဲ့။ အချိန်ကိုက် ကြိုမလုပ်မိလို့ပဲ။ ကူးစက်ထားပြီး ရောဂါ လက္ခဏာ မပြခင် လော့ဒေါင်း စတေးဟုမ်းလိုက်ရင် အိမ်ထဲအတူ နေသောအခါ ပိုတောင် ကူးစက်ပါသေးတယ်။ ဒီတော့ လော့ဒေါင်းနဲ့ စတေးဟုမ်းဟာ အချိန်ကာလ ကွက်တိကျဖို့ သိပ်လိုအပ်ပါတယ်။ လုပ်မယ်ဆို မပြန့်နိုင်သေးခင် လုပ်ပါမှ ထိရောက်ပါတယ်။

စျေးဝယ်တဲ့အခါ အလုံပိတ် မဟုတ်တဲ့၊ လေရတဲ့ စျေးပုံစံမှာ ပိုးပါတဲ့ ရေစက်မှုန် သေးများဟာ လေနဲ့ရောသွားတာမို့ ပိုးကောင်ရေ နည်းသွားပါတယ်။ လူမထူလွန်းရင်တော့ အရမ်းစိုးရိမ်ရန် မလိုပါဘူးနော်။ စိတ်ပူပြီး စျေးသွား စုပြုံတိုး မဝယ်နဲ့နော်၊ အဲဒါ တစ်ဟုန်ထိုး ကူးစက်တဲ့ ကိုဗစ်ရဲ့ ထောင်ချောက်ပဲ။ ဘဏ်တွေ၊ ရုံးတွေ၊ ကုမ္ပဏီတွေ အဲကွန်းလည်းဖွင့်၊ ပြတင်းပေါက်လည်း ဖွင့်ထားပါ။ လက်ဆေးဝင်၊ Mask တပ်နေကြဖို့ အကြံပေး တိုက်တွန်းပါတယ်ဗျာ။

ကလေးတွေ ကျောင်းတက်တဲ့ ကိစ္စကို သိပ်မပူကြပါနဲ့။ တကယ့်တကယ် မှတ်တမ်း အစစ်အမှန်တွေ ထွက်လာပြီမို့ အသက်၂၀ အောက်တွေ အတော်လေး အသေအပျောက် နည်းခဲ့ပါတယ်။ သူတို့ လက်ဆေး၊ နှာခေါင်းစည်းတပ်ဖို့ ကိစ္စသာ ဂရုစိုက်ပေးပါ။ လူကြီးများ ၆၅ နှစ် ကျော်သူများ ဂရုစိုက်ပါ။ ၇၅ နှစ် ကျော်သူများနဲ့ ရောဂါအခံရှိသူများ အနေနဲ့ အထူး သတိထားပြီး ကာကွယ်ပါ။ အားလုံးပဲ အားရှိတဲ့ အစာစားပါ။ ဗီတာမင်ဓာတ် ပြည့်ဝအောင် အသီးအရွက် ရောင်စုံစားပါ။ မကြိုက်ရင် အားဆေးသောက်ပါ။ အိပ်ရေးဝအောင် အိပ်ကြပါ။

“လူသိနည်းတဲ့ အချက်များ”အခြားနိုင်ငံတွေရဲ့ သာဓကအရ ဒုတိယလှိုင်းဟာ နိမ့်လိုက်မြင့်လိုက် အနည်းငယ်ခါရင်း တိုးတက်လာတတ်ပါတယ်။ သုံးပတ်ကနေ ငါးပတ်လောက် အမြင့်ဆုံး ကူးစက်မှုဟာ ဆက်တိုက် တက်လာကာ တန်းနေပြီးမှ ပြန်ကျတတ်ပါတယ်။ နောက်ဆုံးအနေနဲ့ မှာချင်တာက “ဒီကိုဗစ်လည်း မြန်မြန်ပြီးမှပါပဲ”လို့တော့ ဒုလှိုင်းမှာ မပြောကြပါနဲ့ဗျာ။ ဘာကြောင့်လဲ ဆိုရင် ကျနော်တို့ ဆရာဝန်တွေရော နိုင်ငံအားလုံးက ပညာရှင်တွေပါ ဖြည်းဖြည်းနဲ့ ကူးစက်မှု နှေးစေဖို့၊ ကြာစေဖို့ပဲ ကြိုးစားနေရတာပါ။ မြန်မြန်ကူး၊ အားလုံးဖြစ်ရင် မြန်မြန်ကိုယ်ခံအားရပြီး ဖြစ်ပါမယ်။ သို့သော် ကလေး၊ လူလတ်များ သိပ်အသက်ဘေး မရှိပေမယ့် အဘိုးအဘွားများနဲ့ ရောဂါသည်များ အတွက် ကိုယ့်ကိုယ်ကိုယ် မကူးအောင်၊ မဖြန့်မိအောင်၊ ကူးလာရင်လည်း နောက်အကျဆုံး ဖြစ်အောင် ဝိုင်းကာကွယ်ပေးကြရမှာပါ။နောက်ဆုံးရ သတင်းမှာ ဆေးပညာအရ ကိုဗစ်သည် တုပ်ကွေးပိုးပုံစံ လုံးဝ မဟုတ်ပါကြောင်း၊ multi-organ target virus ခေါ် ကလီစာ အကုန်ထိသော အမျိုးအစား ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ် အကောင်းကြီးက ကိုဗစ်နဲ့ဆိုတာတွေဟာ သင်ရော ကလီစာအားလုံး ကောင်းနေပါတယ်လို့ အာမခံနိုင်ပါရဲ့လား။ ကာကွယ်ခြင်းသာ အများအတွက်ရော ကိုယ့်အတွက်ပါ ဘေးအကင်းဆုံး ဆေးပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *