ကိုရီးယားမှ မြန်မာသို့ထွက်ခွာမည့် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာ ၉၇ ဦး လိုက်ပါခွင့်ရ

Posted on

ကိုရီးယားသမ္မတနိုင်ငံ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ/ပိတ်မိနေပြီး မြန်မာနိုင်ငံသို့ မဖြစ်မနေ ပြန်လည်ထွက်ခွာရန် လိုအပ်နေသူများအနက် ၉၇ ဦးမှာ ယခုလ ၃၀ ရက်တွင် ပထမအကြိမ်ပျံသန်းပြေးဆွဲမည့် ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်ရရှိခဲ့ကြောင်း ဆိုးလ်မြို့အခြေစိုက် မြန်မာသံရုံးက ယနေ့တွင် သတင်းထုတ်ပြန်သည်။

မြန်မာသံရုံးအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၌ နေထိုင်ရန် အခက်အခဲဖြစ်နေပြီ်း မြန်မာနိုင်ငံသို့ ခေတ္တ/အလည်အပတ်ပြန်လိုသူများမပါဘဲ မဖြစ်မနေ အပြီးပြန်လည်ထွက်ခွာရန် လိုအပ်နေသူများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းချက်အရ ယင်းသို့ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

Relief Flight ဖြင့် လိုက်ပါခွင့်ရသူများသည် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း MAI နှင့်ချိတ်ဆက်၍ လေယာဉ်လက်မှတ်များ လဲလှယ်၊ ဝယ်ယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် လေယာဉ်သည် ယင်းနေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည်ဖြစ်သည်။

လိုက်ပါမည့်ခရီးသည်များအနေဖြင့် လေဆိပ်တွင် အပူချိန်တိုင်းစစ်ဆေး၍ ရလဒ်ဖော်ပြသည့် စာရွက်ကို ဝမ် နှစ်သောင်းခန့် ကောက်ခံကာ စစ်ဆေးရမည်ဖြစ်ရာ လေယာဉ်မထွက်မီ လေဆိပ်သို့ နှစ်နာရီခွဲခန့် ကြိုတင်သွားရောက်ရန် လိုအပ်မည်ဖြစ်သည်။

လေယာဉ်ထိုင်ခုံအကန့်အသတ်ရှိသည့်အတွက် ဦးစားပေးစနစ်ဖြင့် စိစစ်ခွင့်ပြုပေးရသည်ကို နားလည်ပေးကြပါရန်နှင့် သံရုံးသို့ စာရင်းပေးပို့ထားသူများအနက် ဒုတိယအကြိမ်အဖြစ် မေလဆန်းတွင် ပျံသန်းပြေးဆွဲမည့် Relief Flight များတွင် လိုက်ပါခွင့်ရရှိသူများ စာရင်းကို ထပ်မံထုတ်ပြန်ကြေညာမည်ဖြစ်သည်။

လိုက်ပါခွင့်ရရှိသူများသည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် လူထုအခြေပြု ကုသစောင့်ရှောက်မှုပေးခြင်း (Community-based Facility Quarantine) ၂၁ ရက်နှင့် မိမိနေအိမ်၌ သီးခြားနေထိုင်စောင့်ကြည့်ခြင်း (Home Quarantine) ခုနစ်ရက် စုစုပေါင်း ၂၈ ရက်ကို မဖြစ်မနေ တိကျစွာလိုက်နာဆောင်ရွက်ရန်ကိုလည်း ညွှန်ကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *