ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် လူသားတွေနဲ့ စမ်းသပ်တော့မယ့် အောက်စ်ဖို့ ဒ် တက္ကသိုလ်

Posted on

ဗြိတိန်နိုင်ငံမှာ စမ်းသပ်အဆင့် ကာကွယ်ဆေးတွေ လူသားတွေဆီ ထိုးနှံကြည့်မယ့် အစီအစဉ်ကို အခုသီတင်းပတ်မှာ စတင်တော့မယ်လို့ သိရပါတယ်။ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ခ်က ဗြိတိန်မှာ လူသားတွေဆီ ကာကွယ်ဆေး စမ်းသပ်မယ့် အစီအစဉ် နှစ်ခုအတွက် အပိုဆောင်း ထောက်ပံ့ငွေ စတာလင်ပေါင် သန်း ၂၀ ထုတ်ပေးလိုက်ကြောင်း အတည်ပြုပါတယ်။

အောက်စ်ဖို့ဒ် တက္ကသိုလ်က ဆေးသုတေသီတွေရယ်၊ လန်ဒန် အင်ပီရီရယ်လ် ကောလိပ်က ပညာရှင်တွေရယ်က ကာကွယ်ဆေး နှစ်မျိုးကို သီးခြားစီ တီထွင်နေကြတာပါ။အောက်စ်ဖို့ဒ်က သုတေသီတွေ အနေနဲ့ အခုသီတင်းပတ်ထဲမှာ လူသားတွေနဲ့ လက်တွေ့ စမ်းသပ်တဲ့ အစီအစဉ် စတင်တော့မယ်လို့ ဆိုပါတယ်။ ဟန်းကော့ခ်က ကာကွယ်ဆေး တီထွင်တဲ့ ပရောဂျက် နှစ်ခုလုံး အရှိန်ကောင်းကောင်းနဲ့ တိုးတက်နေကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနက သူတို့ကို အစွမ်းကုန် ထောက်ပံ့ပေးမယ်လို့ ကတိပြုထားကြောင်း ဝန်ကြီးချုပ် အိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ပရော်ဖက်ဆာ ဆာရာဂီးလ်ဘတ် ဦးဆောင်နေတဲ့ အောက်စ်ဖို့ဒ် သုတေသီ အဖွဲ့ကတော့ အခုသီတင်းပတ်မှာ လူတွေကို ကာကွယ်ဆေး စစမ်းသပ်ဖို့ ပြင်နေပြီလို့လည်း ဟန်းကော့ခ်က အတည်ပြုသွားပါတယ်။ ကာကွယ်ဆေး စမ်းသပ်မှုတွေ သေချာပေါက် အောင်မြင်ပါ့မလား ဆိုတာတော့ မပြောနိုင်ကြောင်း၊ ဒါပေမဲ့ ကာကွယ်ဆေး တီထွင် ထုတ်လုပ်ဖို့ ဗြိတိန် အနေနဲ့ ဖြစ်နိုင်ခြေ နည်းလမ်း အားလုံးနဲ့ မဆုတ်မနစ် ကြိုးစားနေမယ် ဆိုတာကိုတော့ ကတိပေးကြောင်းလည်း ဝန်ကြီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဥရောပမှာ ရောဂါဒဏ် အခံရဆုံး နိုင်ငံအဖြစ် ရပ်တည်လာတဲ့ ဗြိတိန် အတွက်တော့ ကာကွယ်ဆေး စမ်းသပ်မှုတွေ တိုးတက်နေတယ်ဆိုတဲ့ သတင်းကြောင့် အထိုက်အလျောက် စိတ်သက်သာရာ ရလာစေမှာပါ။ ဗြိတိန်မှာ Covid-19 အတည်ပြုလူနာ ၁၃၀၀၀၀ နီးပါး ရှိနေပြီး လူပေါင်း ၁၇၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *