ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီ၏ အကြံပေးသေဆုံး

Posted on

တရုတ်နိုင်ငံဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ်(COVID19) မှာ ကမ္ဘာ့နိုင်ငံအများအပြားသို့ ကူးစက်ပြန့်ပွားနေပြီး ရိုက်ခတ်မှုများဖြစ်နေရာ ယခုအခါ အီရန်နိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ် မှုကို ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်သည်။ အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာအလီခါမေနီ၏အကြံပေးဖြစ်သူသည်လည်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သေဆုံးသွားခဲ့ပြီဟု အီရန်နိုင်ငံပိုင်ရေဒီယိုမှသတင်းထုတ်ပြန်ခဲ့သည်။ အသက် ၇၁နှစ်အရွယ်ရှိ မိုဟာမက်မီယာမိုဟာမဒီ မှာ ခါမေနီကိုအကြံပေးရန်ဖွဲ့စည်းထားသည့် အကြံ ပေးကောင်စီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သလို အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ထိပ်ပိုင်းခေါင်းဆောင်များထဲမှ နောက်ဆုံးပု ဂ္ဂိုလ်ဖြစ်လာသည်။ အီရန်နိုင်ငံတွင် ပြီးခဲ့သည့် ကြာသပတေးနေ့က ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ခိုစရိုရှာဟီကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကာ နေနမကောင်းဖြစ်ပြီးနောက်ကွယ်လွန်ခဲ့သည်။

မိုဟာမတ်မီယာမိုဟာမဒီမှာမူ မတ်၂ တနင်္လာနေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ အီရန်နိုင်ငံ၏ ဒုတိယသမ္မတ Masoumeh Ebtekar နှင့် ကျန်းမာရေး ဒုတိယဝန်ကြီး Iraj Harirchi တို့သည်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကာ နေမကောင်းဖြစ်နေကြသည်ဟု အီရန်နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြမှုကို ကိုးကားပြီး CNN က ထပ်ဆင့်ဖော်ပြခဲ့သည်။အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုကိုပြီးခဲ့သည့် နောက်ဆုံးသီတင်းပတ်အတွင်း၌ ဆိုးရွားစွာတွေ့ကြုံခဲ့ရခြင်းဖြစ်ပြီး မတ် ၃ အင်္ဂါနေ့အထိ ဗိုင်းရပ်စ်ကူးစက်ခံထားရသည့်အတည်ပြုလူနာ ၁,၅၀၁ ဦးရှိခဲ့ပြီး ၆၆ ဦး သေဆုံးခဲ့သည်ဟု အီရန်ကျန်းမာရေး ဝန်ကြီး Alreza Raisi က နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့်ပြောကြားခဲ့သည်။ ပြန်လည်ကျန်းမာလာသူ ၂၉၁ဦး ရှိခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။မကြာသေးခင်က အီရန်သို့လာရောက်ခဲ့သည့် ခရီးသွားများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည် ကို တွေ့ရှိခဲ့သည်။ အဆိုပါခရီးသွားများမှာ အာဖဂန်နစ္စတန်၊ ကနေဒါ၊ လက်ဘနွန်၊ပါကစ္စတန်၊ကူဝိတ်၊ဘာရိန်း၊ အီရတ်၊ အိုမန်၊ကာတာနှင့် UAEနိုင်ငံများမှ ခရီးသွားများဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကို အဆိုးရွားဆုံးခံနေရသည့်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံပြီးနောက် ကျန် ကမ္ဘာ့နိုင်ငံများအနက် သေဆုံးမှုအများဆုံး နိုင်ငံလည်းဖြစ်နေသည်။

ယခုကဲ့သို့ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုဒဏ်ကို ခံရခြင်း နှင့်အတူ နိုင်ငံအတွင်း စီးပွားရေးအခြေအနေလည်း ဂယက်ရိုက်မှုများစွာကြုံတွေ့နေသည် ။ အမေရိကန် က အီရန်ကို ပိတ်ဆို့မှုများ ချမှတ်ထားခြင်းနှင့်အတူ အလုပ်လက်မဲ့ အရေအတွက်မှာလည်း ပိုမိုမြင့်မားလာသည်။ကိုရိုနာဗိုင်းရပ်စ် ဆိုးရွားစွာကူးစက်ဖြစ်ပွားနေမှုကြောင့် အီရန်လွှတ်တော်ကိုလည်း အခြေအနေများပြန်လည်မတည်ငြိမ်လာခင်အထိ ပိတ်ပင်ထားလိုက် သည် ။ ထို့အတူ တစ်နိုင်ငံလုံးမှတက္ကသိုလ်များကျောင်းများကိုလည်း ပိတ်ထားလိုက်သည်ဟု နိုင်ငံပိုင် မီဒီယာများမှ ထုတ်ပြန်ကြေညာထားသည်။ ထို့ အတူ ဗိုင်းရပ်စ်ထပ်မံမပြန့်ပွားစေရေးအတွက်သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲများအပါအဝင် အများပြည်သူလူစုလူဝေးဖြင့် တွေ့ဆုံမှုများကိုလည်း ဖျက် သိမ်းလိုက်သည်ဟု နိုင်ငံပိုင်ရုပ်သံ IRNA ( Islamic Republic News Agency ) က ဖော်ပြခဲ့သည်။အီရန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေမှုအတွက် ကူညီပေးရန် သွားရောက်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHOမှ ဝန်ထမ်းတစ်ဦးသည်လည်း အီရန်သို့ ရောက်ရှိခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်ကူးစက်ခံခဲ့ရသည်ဟု WHO၏ အထွေထွေဒါရိုက်တာ Tedros Adhanom က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ WHO၏ ကျန်းမာရေးဝန်ထမ်းများပါဝင်သည့်အဖွဲ့မှာ ယမန်နေ့(မတ်၂)က အီရန်နိုင်ငံသို့ ရောက် ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှင့်အတူ ကျန်းမာရေးဆိုင် ရာဆေးဝါးအထောက်အကူပစ္စည်းများယူဆောင်သွားခဲ့သလို အီရန်နိုင်ငံမှ ကျန်းမာရေးလုပ်သား ၁၅၀၀၀ ကျော်အတွက်အကာကွယ်ဝတ်စုံများလည်းယူဆောင် သွားခဲ့ကြသည်။ထို့အတူ ဗိုင်းရပ်စ်ရှိ/မရှိကို စစ်ဆေးရာတွင်အသုံးပြုသည့် ဓါတ်ခွဲခန်းသုံးဝတ်စုံများနှင့်ပစ္စည်းများကိုလည်း အလုံအလောက်ယူဆောင်သွား
ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *