အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပတဲ့ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပထမနေ့မှာ ကိုဗစ်ရောဂါကပ်ဘေးအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှုက အဓိကလွှမ်းမိုးတာတွေ့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်နေတာကြောင့် ကမ္ဘာ့ခေါင်းဆောင် တွေက ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယိုမိန့်ခွန်းတွေကို ပေးပို့ခဲ့ပြီး ညီလာခံကျင်းပခဲ့တာပါ။ ခေါင်းဆောင် တစ်ယောက်ကို ၁၅မိနစ်ပဲ မိန့်ခွန်းပြောခွင့် ပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ခုနစ်မိနစ်ကြာတဲ့ သူ့မိန့်ခွန်းစစချင်းမှာပဲ ဗိုင်းရပ်စ်ကို ကမ္ဘာပတ်ပြီး ဖြန့်ခဲ့တဲ့ တရုတ်နိုင်ငံကို တာဝန်ယူ၊ တာဝန်ခံစေဖို့ ပြောဆိုတာနဲ့ အစပြုခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ် ဖြစ်ပွားချိန်မှာ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ပိတ်ပစ်ပြီး သူ့နိုင်ငံသားတွေကိုလည်း အိမ်ထဲမှာ လှောင်ပိတ် ထားခဲ့တယ်။ ဒါပေမယ့် နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေကိုတော့ တရုတ်ပြည်ကနေ ဆက်ပြီး သွားခွင့်ပြုပြီး ကမ္ဘာကို ဗိုင်းရပ်စ် ကူးစက်စေခဲ့တာလို့ စွပ်စွဲပြောဆိုသွားခဲ့တာပါ။
ဒါ့အပြင် တခြားနိုင်ငံတွေရဲ့ ရေပိုင်နက်ထဲမှာ ငါးအလွန်အကျွံဝင်ဖမ်းတာ၊ သမုဒ္ဒရာတွင်း ပလပ်စတစ်စွန့်ပစ်မှု ၊ ပြဒါးရည် စွန့်ပစ်မှု စတာတွေအတွက် ကုလသမဂ္ဂအဖွဲ့ကြီးက တရုတ်နိုင်ငံကို အရေးယူဖို့ပါ သမ္မတထရမ့်က ပြောဆိုသွားခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ ဗိုင်းရပ်စ် ထိန်းချုပ်နိုင်စွမ်းကိုတော့ သမ္မတထရမ့်က ချီးကျူးပြောဆိုခဲ့ပါတယ်။ အဲဒီ မိန့်ခွန်းပြီးပြီးချင်းမှာပဲ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဂျွန်က ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဆိုပြီး ချက်ချင်းပယ်ချခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ မိန့်ခွန်းမှာ ကာဗွန်ဓာတ်ငွေ့ လျှော့ချရေး ဆောင်ရွက်ဖို့၊ တရုတ်နိုင်ငံအနေနဲ့ ဘယ်နိုင်ငံမှ စစ်ပူရော စစ်အေး မဖြစ်ချင်ဘဲ လက်ရှိဖြစ်ပေါ်နေတဲ့ ဗိုင်းရပ်စ်အရေးမှာ ကမ္ဘာ့နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။
အခုအကြိမ်ညီလာခံမှာ ရှားရှားပါးပါး ဖြစ်စဉ်အဖြစ် ရုရှားသမ္မတပူတင် ပါဝင်လာတာတွေ့ရပါတယ်။ သမ္မတ ပူတင်က ရုရှားအနေနဲ့ သူရဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးကို တခြားနိုင်ငံတွေကို ဝေမျှဖို့ အသင့်ရှိတယ်လို့ ပြောဆိုသွား ပါတယ်။အီရန်သမ္မတ ရိုဟာနီးကတော့ အီရန်ဟာ အမေရိကန်ရဲ့ ရွေးကောက်ပွဲတွေနဲ့ ပြည်တွင်း မူဝါဒတွေအတွက် ဈေးဆစ်ဖို့ အသုံးချခံမဟုတ်ဘူးဆိုပြီး သူ့မိန့်ခွန်းကတစ်ဆင့် တုံ့ပြန်သွားခဲ့ပါတယ်။