ဂျပန်တို့ရဲ့ ဘောလုံးလက်ဦးဆရာ ဦးကျော်ဒင် ရှာပုံတော်

၂၀၁၆ ခုနှစ် ဇန်န၀ါရီလက တူမောရိုးဂျာနယ်မှာ ရေးဖြစ်ခဲ့တဲ့ ဆောင်းပါးလေးပါ။ ဂျပန်ဘောလုံးအသင်း မြန်မာနိုင်ငံမှာ လာ ကစားတဲ့ အချိန်ဖြစ်လို့ ပြန်လည်ရှာဖွေပြီး ပြန်တင်လိုက်ပါတယ်။ ဦးမျိုးကြီးကို အင်တာဗျူးလုပ်သွားတဲ့ အ ကြောင်းအရာ တွေကို NHK သတင်းဌာနက အချိန် အ တော်ကြာ ပေးပြီး ထုတ်လွှင့် ပြသ သွားတယ်လို့ ကြည့်ခဲ့ရသူတွေ က ပြန်ပြောပါတယ်။ သို့ပေသိ ဒီက နေ့ အချိန်အထိတော့ သူတို့ရှာနေတဲ့ ဦးကျော်ဒင်ရဲ့ ဆွေ တော် မျိုးတော် တွေက တော့ ထွက်ပေါ်မလာသေးပါဘူး။

ဂျပန်တို့ရဲ့ ဘောလုံးလက်ဦးဆရာ ဦးကျော်ဒင် ရှာပုံတော်  ဖခင်ကြီးနာရေး ရက်လည်အပြီး နောက်ရက်အနည်းငယ် အတွင်းမှာ ဂျပန်မလေးတစ်ယောက်ရဲ့ သူရဲ့စကားပြန်ဖြစ်သူတို့ အိမ်ကိုရောက်လာပါတယ်။ သူတို့ရောက်လာခဲ့ကြတာက ဖခင်ကြီးကို တွေ့ဆုံပြီး စကားတွေပြောဖို့နဲ့ အဓိကကတော့ လွန်ခဲ့တဲ့ ငါးနှစ်ကျော် ၁၀နှစ်နီးပါးကတည်းက မြန်မာနိုင်ငံကို လာရောက်ရှာဖွေနေတဲ့ ဦးကျော်ဒင်လို့ အမည်ရတဲ့ လူပုဂ်္ဂိုလ်တစ်ဦးရဲ့ ကျန်ရစ်သူ မိသားစုဝင်ကိစ္စ ဘာများထူးခြားသေးသလဲဆိုတာ စုံစမ်းဖို့ပါ။ သို့သော်လည်းပဲ သူတို့ လာရောက်ချိန်မှာ ဖခင်ကြီးက ဘ၀တစ်ပါး ပြောင်းသွားခဲ့ပြီဖြစ်လို့ ဦးကျော်ဒင်ရှာ ပုံတော်ထက် ဖခင်ကြီး နာရေးသတင်း မေးယုံသက်သက်နဲ့ပဲ ပြည်တော်ပြန်သွားခဲ့ကြပါတော့တယ်။

ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် နေနေရင်းကပဲ ဖခင်ကြီး ကွယ်လွန်တာ နှစ်လပြည့်လို့ သုံးလနီးပါး အရောက်မှာ ပထမတစ်ခေါက် လာခဲ့စဉ်က စကားပြန်အဖြစ် ပါလာခဲ့တဲ့ အမျိုးသမီးက ဖုန်းဆက် လာပါတယ်။ စာရေးသူကို ဂျပန် NHKသတင်းဌာနက အင်တာဗျူးချင်လို့ပါတဲ့။ အမှန်အတိုင်းဝန်ခံရရင် NHKက အင်တာဗျူး လာလုပ်မယ်ဆိုတော့ ဦးကျော်ဒင်ကိစ္စနဲ့ ဆက်စပ်နေလိမ့်မယ်လို့ လုံးဝကို ထင်မထားခဲ့ပါဘူး။

ဂျပန်မှာလုပ်မယ့် ၂၀၂၀ နွေရာသီ အိုလံပစ်နဲ့များ ဆက်စပ်ပြီးမေးမလား ဒါမှမဟုတ် မြန်မာဘောလုံးနဲ့ ပတ်သက်ပြီးတော့များ မေးမလား ဒီလိုပဲ တွေးထင်ထားခဲ့တာကြောင့် အဲဒါတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုပဲ အထူးအလေးပေး လေ့လာထားခဲ့ပြီး မြန်မာနိုင်ငံ အိုလံပစ်ပြိုင်ပွဲမှာ သွားခဲ့ဖူးသူတွေ မြန်မာဘောလုံးအသင်းရဲ့ အောင်မြင်မှုတွေကိုပဲ မေးသင့်တဲ့သူထံမေး စုဆောင်းသင့်တဲ့ဟာ စုဆောင်းကာ ၀မ်းစာဖြည့်ထားခဲ့မိပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း သူတို့လာရောက် အင်တာဗျူးတော့ ပထမဆုံး မေးလိုက်တဲ့ မေးခွန်းက ဖခင်ကြီး မကွယ်လွန်မီ ဦးကျော်ဒင်နဲ့ ပတ်သက်ပြီး ဘာတွေများ ပြောကြားခဲ့သေးသလဲတဲ့။ မှန်ပါတယ်။

ဦးကျော်ဒင်နဲ့ ပတ်သက်လို့ ဖခင်ကြီးက စာရေးသူနဲ့ မကြာခဏ စကားတွေ ပြောဖြစ်ကြပါတယ်။ အတူနေ သားဖြစ်ထာကြောင့်လည်း ညဖက်ဆို ရောက်တတ်ရာရာတွေပြောရင်း တစ်ခါတစ်ရံ ဦးကျော်ဒင်အကြောင်း ရောက်ရောက်သွားလေ့ရှိပါတယ်။ အဲဒီလိုပြောဖြစ်တဲ့ အခါတိုင်းလည်း ဖခင်ကြီးဖက်က မင်းကို ကျော်ဒင်နဲ့ပတ်သက်ပြီး ဘာသတင်းမှ ထပ်မရဘူလားဆိုတဲ့ မေးခွန်းကိုပဲ မေးတတ်တာများပြီး စာရေးသူဖက်ကလည်း မထူးပါဘူး။ အဖေရာလောက်နဲ့ ပြီးသွားတတ်တာများပါတယ်။ ဖခင်ကြီးပြောတဲ့ ဦးကျော်ဒင်၊ ဂျပန်နိုင်ငံက မီဒီယာတွေရော ဂျေလိဂ်အဖွဲ့ရော သတင်းသမားတွေရော အရမ်းကို စိတ်ဝင်တစားရှိနေတဲ့ ဦးကျော်ဒင်နဲ့ ဖြစ်စဉ်တွေကိုတော့ ကြားရဖန်များလို့ စာရေးသူအနေနဲ့ အလွတ်နီးပါး ရနေခဲ့ပြီဖြစ်ပါတယ်။

အမှန်ကတော့ ဒီကနေ့ အချိန်အခါမှာ ဦးကျော်ဒင်ဆိုတာ ဒီကမ္ဘာလောကမှာ ရှိနေဖို့ဆိုတာ တော်တော်လေးကို လမ်းစနည်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကို ဂျပန်တွေလည်းမသိဘူး မဟုတ်ဘူး သိပါတယ်။ ဒါပေမယ့် သူတို့ အခုစုံစမ်းနေတာက ဦးကျော်ဒင် ဘယ်မှာရှိနေသလဲဆိုတာကို မဟုတ်ပါဘူး။ အဲဒီဆရာကြီးရဲ့ ဆွေစဉ်မျိုးဆက်ထဲက တစ်ယောက်ယောက်က်ကို မရအရ ရှာဖွေနေခဲ့တာပါ။ ဒီရှာဖွေရေးခရီးစဉ်အဖြစ် ဂျပန်သမိုင်းပါမောက္ခ တစ်ယောက်လည်း လာရောက်သွားခဲ့ပြီပါပြီ။ NHKကလည်း စာရေးသူကို အင်တာဗျူး လာလုပ်သွားတဲ့အဖွဲ့ မတိုင်ခင် အရင်တစ်ဖွဲ့ လာသွားခဲ့ပြီးပါပြီ။ နောက် ဂျပန်ဂျေလိဂ် ဥက္ကဋ္ဌကိုယ်တိုင်ကလည်း မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ တရားဝင် ထုတ်ဖော်အကူအညီ တောင်းခဲ့ပြီးပါပြီ။

ဂျပန် သမိုင်းပါမောက္ခဆိုရင် စာရေးသူရဲ့ မေးလ်ကတစ်ဆင့် ဖခင်ကြီးထံကို မပြတ်တမ်း ဆက်သွယ်နေခဲ့တာပါ။ ဖခင်ကြီးကလည်း ကြုံရင်ကြုံသလို အားကစား ဂျာနယ်ပေါင်းစုံက တစ်ဆင့် ဦးကျော်ဒင်ရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို ဂျပန်နိုင်ငံက ရှာဖွေနေတဲ့အကြောင်း အသိပေးရေးသားခဲ့ပေမယ့် ဖခင်ကြီးသာ ကွယ်လွန်သွားခဲ့တယ်။ ဘယ်ဆွေတော်မျိုးတော်မှ လာရောက်ဆက်သွယ်တာမျိုး မရှိခဲ့ပါဘူး။ ဒီလိုနဲ့ အဲဒီနေ့က အင်တာဗျူး အစီအစဉ်အပြီးမှာ ဂျပန်မလေးက စာရေးသူကို အကူအညီတစ်ခု ဆက်လက်တောင်းဆိုသွားခဲ့ပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံတဲ့ သားကောင်တစ်ယောက် အနေနဲ့ အဖေ သက်ရှိထင်ရှားရှိစဉ်က မပြီးပြတ်ခဲ့တဲ့ ကိစ္စတစ်ခုကို ပြီးပြတ်တဲ့အထိ လုပ်ဆောင်ပြီး ဖခင် ကျေးဇူးဆပ်ဖို့ပါ။

တကယ်တော့ ဖခင်ကြီး သက်ရှိထင်ရှားရှိစဉ်က လုပ်ဆောင်ခဲ့တဲ့ အလုပ်တစ်ခုကို သားဖြစ်သူအနေနဲ့ ပြီးပြတ်တဲ့အထိ ဆက်လက်ကူညီ လုပ်ဆောင်ပေးဖို့ တာဝန်ရှိတယ် ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ထင်သလောက် မလွယ်ကူလှဘူး ဆိုတာကိုလည်း စာရေးသူအနေနဲ့ သိထားပြီးသားပါ။ သို့သော်လည်းပဲ NHKက သတင်းထောက်မလေး ပြောသွားသလိုပဲ ဖခင်ကြီးရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားကို တတ်နိုင်သရွှေ့ ပြန်ဆပ်တဲ့အနေနဲ့ ဦးကျော်ဒင်(သို့မဟုတ်) ဂျပန်တို့ရဲ့ ဘောလုံးလက်ဦးဆရာရဲ့ ကျန်ရစ်သူတွေများ ဒီစာကိုဖတ်မိလို ဖတ်မိငြားဆိုတဲ့ အတွေးနဲ့ ဒီစာကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

ဦးကျော်ဒင်ကို ၁၉၀၀ပြည့်နှစ်မှာ မွေးဖွားခဲ့တယ်လို့ ဂျပန်တွေဖက်က ဆိုထားပါတယ်။ သူဟာ ၁၉၂၀ပြည့်နှစ်လောက်မှာ ဂျပန်နိုင်ငံကို စက်မှုကျောင်းသား တစ်ဦးအနေနဲ့ ပညာတော်သင်အဖြစ် လာရောက်ခဲ့တာဖြစ်ပြီး တစ်နေ့မှာတော့ သူတက်နေတဲ့ ကျောင်းအနီးက ဘောလုံးကွင်းထဲမှာ ကိုယ်လက်လှုပ်ရှား လုပ်နေရင်း ဂျပန်ဘောလုံး တစ်သင်း ထရိန်နင် လုပ်နေတာကို မြင်တွေ့ကာ ၀င်ရောက်ကူညီခဲ့ရာက တစ်ဆင့် အဲဒီအသင်းရဲ့ နည်းပြဖြစ်လာခဲ့ပြီး ၁၉၂၄ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူပြန်သွားခဲ့ပြီးနောက် သုံးနှစ်အကြာ ၁၉၂၇ခုနှစ်မှာ သူကိုင်တွယ်တဲ့ အသင်းဟာ ဒေသတွင်းပြိုင်ပွဲ တစ်ခုမှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဦးကျော်ဒင်ကိုင် တွယ်ခဲ့တဲ့အသင်းဟာ သာမန် အပျော်တမ်းအသင်းလေး မဟုတ်ပါဘူး။ ဂျပန်လက်ရွေးစင်အသင်းပဲ ဖြစ်ပါတော့တယ်။

ဒါအပြင် ဦးကျော်ဒင်ဟာ ၁၉၂၃ခုနှစ်မှာ အင်္ဂလိပ်ဘာသာနဲ့ ဘောလုံးနည်းစနစ်စာအုပ် တစ်အုပ်ကို ဂျပန်နိုင်ငံမှာ ရေးသားထုတ်ဝေခဲ့ပြီး အဲဒီစာအုပ်ရဲ့ အမည်က How to play Association Football လို့ အမည်ရတယ်လို့လည်း ဂျပန်သမိုင်းပါမောက္ခက ဖခင်ကြီးကို စကားပြန်ကတစ်ဆင့် ပြောတာကို ကြားခဲ့ဖူးပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာက ဦးကျော်ဒင်ဟာ အဲဒီတစ်ခေတ် အဲဒီအခါက ဂျပန်ကို ဘယ်လိုသွားရောက်ခဲ့သလဲ၊ ဂျပန်တွေ ချန်ပီယံဖြစ်ခဲ့တယ် ဆိုတာက ဘယ်လိုဘောလုံးပြိုင်ပွဲမျိုး ဖြစ်နိုင်သလဲဆိုတာပဲဖြစ်ပါတယ်။

ဒါနဲ့စပ်လျဉ်းပြီး စာရေးသူထက် စာဖတ်နာတဲ့ နောင်တော်အကြီးဆုံး ဆရာကိုသက် (ပါရမီ) ကတော့ ဦးကျော်ဒင်က ဂျပန်ကို ဆရာတော်ဦးဥတ္တမရဲ့ အစီအစဉ်နဲ့ သွားရောက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ဆွဲထားခဲ့ပြီး ဂျပန်မလေးကတော့ ဂျပန်တွေ ချန်ပီယံဖြစ်ခဲ့တယ်ဆိုတဲ့ ဘောလုံးပြိုင်ပွဲဟာ မက်ဆိုပိုတေးနီးယား ဒေသမှာ ကစားခဲ့ကြတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်နိုင်ကြောင်း ကောက်ချက်ချဆွဲထားခဲ့ပါတယ်။

စာရေးသူ ဖတ်ထားမှတ်ထားသလောက်လေးနဲ့ ကောက်ချက်ဆွဲရမယ် ဆိုရင်တော့ ဦးကျော်ဒင်ဟာ ရန်ကုန်မြို့ စိန်ဂျွန်းကောလိပ်က ကျောင်းသား တစ်ယောက်ဖြစ်ပြီး နောင်တော်ကြီး ကောက်ချက်ဆွဲနိုင်ခဲ့သလို အဲဒီကမှတစ်ဆင့် ဆရာတော် ဦးဥတ္တမရဲ့အစီအစဉ်နဲ့ ဂျပန်ကို စက်မှုပညာသင်ယူဖို့ သွားရောက်ခဲ့ဟန် ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာတွေကို ဘောလုံးအားကစား နည်းစနစ်ကျအောင် သင်ကြားပေးခဲ့သူဟာ စိန်ဂျွန်း တက္ကသိုလ် ကျောင်းအုပ်ကြီး မစ္စတာ George Scoott ဖြစ်ကာ ဦးကျော်ဒင်ရေးသားခဲ့တဲ့ စာအုပ်ထဲမှာ မြန်မာတွေကို ဘောလုံးပညာ ပထမဆုံးသင်ကြားပေးခဲ့သူဟာ စကော့တလန်လူမျိုး မစ္စတာ George Scoott ဖြစ်တဲ့အကြောင်း ထည့်သွင်းရေးသား ထားခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ စာရေးသူ အပါအ၀င် ဦးကျော်ဒင်ကို စိတ်ဝင်စားသူတွေ အားလုံးဟာ ကိုယ့်အတွေးနဲ့ကိုယ် ကောက်ချက်တွေဆွဲကြ စဉ်းစားကြ ရှာဖွေကြတွေ လုပ်နေကြပေမယ့် ကျန်ရစ်သူ မိသားစုကတော့ အခုချိန်ထိ ပျောက်ချက်သား ကောင်းနေဆဲပဲ ဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာ သူတို့ထွက်ပေါ်လာမှာလား ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ ဂျပန်တွေဖက်က ဆက်လက်ရှာဖွေနေဦးမှာပဲ ဖြစ်ပါတော့တယ်။