အူလမ်းကြောင်းဆိုင်ရာ ulcerative colitis ရောဂါကို နှစ်ကာလရှည်ကြာ ခံစားနေခဲ့ရပါတယ်။ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှ နုတ်ထွက်တော့မယ်လို့ NHK သတင်းဌာက ယနေ့ (ဩဂုတ် ၂၈ ရက်) ပြောပါတယ်။
အဘေးဟာ အူလမ်းကြောင်းဆိုင်ရာ ulcerative colitis ရောဂါကို နှစ်ကာလရှည်ကြာ ခံစားနေခဲ့ရပြီး လတ်တလောမှာ အခြေအနေ ပိုဆိုးလာခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းဟာ တစ်ပတ်အတွင်း ဆေးရုံနှစ်ရုံသို့ သွားရောက်ခဲ့ရပါတယ်။ အသက် ၆၅ နှစ်အရွယ် ဝန်ကြီးချုပ်အဘေးက ၎င်းရဲ့အစိုးရအဖွဲ့အတွက် ပြဿနာများမဖြစ်စေလိုဘူးလို့ NHK သတင်းဌာနက ပြောပါတယ်။ဝန်ကြီးချုပ်အဘေးဟာ ၂၀၀၇ ခုနှစ်မှာလည်း ၎င်းရဲ့ ulcerative colitis ရောဂါကြောင့် ရုတ်တရက် ရာထူးမှ နုတ်ထွက်ခဲ့ဖူးပြီး ထိုရောဂါကို ၎င်း ဆယ်ကျော်သက်အရွယ်ကတည်းက ခံစားနေခဲ့ရတာလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ အာဏာရရှိခဲ့တဲ့ အဘေးဟာ ယခု သီတင်းပတ်အစောပိုင်းက ဂျပန်နိုင်ငံရဲ့ ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီးချုပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အဘေးရဲ့ လက်ရှိ ဝန်ကြီးချုပ်သက်တမ်းဟာ ပုံမှန်အတိုင်းဆိုပါက လာမယ့် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိဖြစ်ကြောင်းလည်း သိရပါတယ်။ ဂျပန်ဝန်ကြီးချုပ်အဘေးက ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။အဘေး ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခြင်းကြောင့် ၎င်းရဲ့ Liberal Democratic Party (LDP) ပါတီတွင်းမှာ ဥက္ကဌနေရာအတွက် အစားထိုးရန် မဲပေးရွေးချယ်ရမှာ ဖြစ်ပါတယ်။ ထို့နောက် ဂျပန်လွှတ်တော်မှာ ဝန်ကြီးချုပ်သစ်ရွေးချယ်ရန် မဲခွဲဆုံးဖြတ်ရမယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခံရသူဟာ အဘေးရဲ့ လက်ရှိဝန်ကြီးချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တာဝန်ယူသွားရမှာ ဖြစ်ပါတယ်။