ဂျပန် ဆီရီဇိုအိုဆာကာယူ-၁၈ အသင်းကို မြန်မာက ၂-၁ ဂိုးဖြင့် အနိုင်ရ

ဂျပန်နိုင်ငံကို လေ့ကျင့်ခြေစမ်းဖို့ ရောက်ရှိနေတဲ့ မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းဟာ ပထမဆုံး ခြေစမ်းပွဲအဖြစ် ဆီရီဇို အိုဆာကာ ယူ-၁၈ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ မီနာနီ ဆူမိုရီကွင်းမှာ နေညနေပိုင်းက ကစားခဲ့တာဖြစ်ပြီး ခြေစမ်းပွဲမတိုင်မီ နေ့လယ်ပိုင်းကနေ ပွဲပြီးချိန်ထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် နှစ်သင်းစလုံး ရုန်းကန်ခဲ့ရပါတယ်။

မြန်မာယူ-၁၈ အသင်းဟာ အာဆီယံယူ-၁၉ ပြိုင်ပွဲ၊ အာရှယူ-၁၈ ခြေစစ်ပွဲတွေအတွက် ပြင်ဆင်တဲ့ ခြေစမ်းပွဲဖြစ်တာကြောင့် ပွဲချိန် ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့ကို မတူညီတဲ့ လူစာရင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။

မြန်မာယူ-၁၈ အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်က ရတဲ့ အခွင့်အရေးတိုင်းနီးပါးကို ထိထိရောက်ရောက် အသုံးချကစားနိုင်ခဲ့သလို ဆီရီဇို အိုဆာကာယူ-၁၈ အသင်းရဲ့ တိုက်စစ်ဆင်မှုကိုလည်း မြန်မာယူ ၁၈ နောက်ခံလူတွေနဲ့ ဂိုးသမားက အကောင်းဆုံး ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာယူ-၁၈ အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၈ မိနစ်မှာ ဇော်ဝင်းသိန်းရဲ့ ဖန်တီးပေးမှုမှတဆင့် တိုက်စစ်မှူး စောကျော်အဲက အပိုင်ကန်သွင်းယူခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာ အိုဆာကာယူ-၁၈ အသင်းက ထောင့်ကန်ဘောမှတဆင့် ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူခဲ့ပါတယ်။

ပထမပိုင်းပြီးဆုံးကာနီး ထပ်ဆောင်းအချိန်ပိုမှာတော့ သက်ဟိန်းစိုးရဲ့ ပေးပို့မှုမှတစ်ဆင့် တိုက်စစ်မှူး လမင်းထွေးက သွင်းယူခဲ့လို့ ပထမပိုင်းပြီးဆုံးချိန်မှာ မြန်မာယူ-၁၈ အသင်းက ၂-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မြန်မာယူ-၁၈ အသင်းက တသင်းလုံး လူစားလဲ ကစားခဲ့ပြီး အိုဆာကာယူ-၁၈ အသင်းကလည်း အပြောင်းအလဲ အများအပြား ပြုလုပ်ခဲ့ပါတယ်။

နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပေမယ့် ဂိုးထပ်မသွင်းနိုင်တာကြောင့် ပွဲအပြီးမှာ မြန်မာယူ-၁၈ အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

မနေ့က ခြေစမ်းပွဲမှာ ပြိုင်ဘက်တိုက်စစ်ကို ကာကွယ်ရင်း ဂိုးသမား ပြည့်ဖြိုးသူနဲ့ အသင်းခေါင်းဆောင် စည်သူမိုးခန့်တို့ အသေးစား ခြေကျင်းဝတ် ဒဏ်ရာရခဲ့ပြီး လူစားလဲ ခံခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာယူ-၁၈ အသင်းဟာ ဇူလိုင် ၂၁ ရက်နေ့မှာ Osaka Sangyo University အသင်းနဲ့ ဆက်လက်ခြေစမ်းကစားမှာ ဖြစ်ပါတယ်။