အဆိုတော်၊ဒါရိုက်တာယုန်လေး ရိုက်ကူးပြီး စစ်တပ်ကို ကယ်တင်ရှင်သဖွယ် ရိုက်ကူးထားသော “ငါတို့အားလုံးမြေ(စည်းလုံးသင့်ပြီ မြန်မာပြည်) ” MTV သီချင်းကို Original Gangster လူမှုကွန်ရက်မှ ယနေ့ ဖြန့်ချိခဲ့ကာ ယင်း ဗီဒီယိုကို နိုင်ငံရေးအရ စစ်တပ်ကဏ္ဍ မြှင့်တင်သော ဗီဒီယိုအဖြစ် အကြီးအကျယ် ဝေဖန်လျက်ရှိသည်။ Original Gangster လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် “ငါတို့ဦးညွှတ်တဲ့အလံက ခြင်္သေ့ ခွပ်ဒေါင်းမဟုတ်ဘူ။အကုန်ပယ်တယ်။ အားလုံးရဲ့ဦးခေါင်းထပ်အလံက ဝါ၊ စိမ်း၊ နီ အလယ်မှာကြယ်နဲ့။ ဒီသီချင်းလေးကို သေချာလေးနားထောင်ပေးစေချင်ပါတယ် ။ အကောင်းဘက်ကတွေးပြီး နားထောင်ပေးစေချင်ပါတယ်။ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” ဟု ရေးသားပြီး ဖြန့်ချိထားခြင်းဖြစ်သည်။
ဇတ်လမ်းတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက သူ၏ လုပ်ငန်းများ ပြန်လည်ရရှိမည်ဟု ပျော်ရွှင်နေချိန် ပင်နီဝတ်တစ်ဦးက ခွင့်မပြုသဖြင့် အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကို မှီခိုနေရသော အလုပ်သမားများနှင့် နောက်ဆက်တွဲ လုပ်ငန်းလုပ်ကိုင်သူများ စိတ်ပျက်လက်ပျက်ဖြစ်နေရပုံဖြင့် အစချီထားသည်။ယင်းနောက် ခွပ်ဒေါင်း၊ ခြင်္သေ့တို့ကို ဦးညွတ်ခြင်းမဟုတ်ဘဲ နိုင်ငံတော်အလံကို ဦးညွတ်ကြရန် စုစည်းကြရန်နှင့် နိုင်ငံတော်အလံနောက်ခံထား၍ နိုင်ငံတော်အကြီးအကဲပုံစံ အမျိုးသမီးတစ်ဦးအဖြစ် မို့မို့မြင်အောင်က အစည်းအဝေးထိုင်နေစဉ် လုပ်ကြံသူများ ရောက်ရှိလာကာ တပ်မတော်က ဝင်ရောက်ကယ်တင်ပြီး တပ်မတော်နှင့် အကြီးအကဲ အမျိုးသမီး အဆင်ပြေသွားပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကြံ့ခိုင်ရေးပါတီ အကြီးအကဲ ဦးသန်းဌေးတို့ကို အားလုံးက ဝိုင်းဝန်း ဦးညွတ်ကြပုံဖြင့် အဆုံးသတ်ထားသည်။
အဆိုပါသီချင်းနှင့်ပတ်သက်ပြီး လူငယ့်အသံ လူငယ့်ဟန်အဖွဲ့က လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးဆိုင်ရာ ကိစ္စများကို သေချာစွာ နားလည်ခြင်းမရှိဘဲ ရိုက်ကူးထားခြင်းဖြစ်၍ ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။Generation Wave မှ ကိုမိုးသွေးက အဆိုပါသီချင်းသည် စစ်တပ်ကို လော်ဘီလုပ်ထားခြင်းဖြစ်သည်ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။ “ယုန်လေးရဲ့ Music Video ဟာငါတို့အားလုံးရဲ့မြေဆိုပြီးနိုင်ငံတော်ဝါဒကိုအကြောင်းပြ၊ Oligarchy စီးပွါးရေးလုပ်ငန်းကြီးတွေက ဂိုဏ်းဖွဲ့ထိန်းချုပ်တဲ့စနစ်နဲ့စစ်တပ်ကြီးစိုးရေးဝါဒကိုလော်ဘီလုပ်ထားတာ ဒီကောင်က သူ့ကိုယ်သူရောင်းစားရုံတင်မကဘူး။တခြားအနုပညာရှင်တွေကိုပါတဖက်လှည့် နဲ့ ပွဲစားလုပ်ပြီး လူကုန်ကူးသွားတာ NLD ရဲ့အမှားတွေကိုရိုးရိုးသားသားထောက်ပြရင်ပြသနာမရှိဘူး။ ရွေးကောက်ပွဲနီးမှNLD ကိုဗြောင်ဆော်ပြီးစစ်တပ်နဲ့ခရိုနီကိုလော်ဘီလုပ်သွားတာကတော့ပြဿနာ အကြီးကြီးရှိတယ် လက်ဝါးကြီးအုပ်ခရိုနီတွေနဲ့စစ်တပ်ဝါဒပေါင်းပြီးလူထုကိုကျွန်ပြုဖို့ဝါဒဖြန့်နေတဲ့သီချင်း…ဒီလိုကိစ္စမျိုးကအားလုံးအတွက်အန္တရာယ်ပဲ…” ဟု ကိုမိုးသွေးက ရေးထားသည်။
Sit Maw အကောင့်ပိုင်ရှင်၏ လူမှုကွန်ရက် ဝေဖန်ရေးသားချက်တွင် “တပ်မတော်သည် ကယ်တင်ရှင်၊ ကြံ့ဖွံ့ဥက္ကဌကို တရားဝင်မှုရှိတဲ့နေရာကထားပြီး ဦးညွှတ် ခိုင်းထားတာ၊ နိုင်ငံရေးသမားက တပ်မတော်ခေါင်းဆောင်ကို ဦးညွှတ်တာ အဲဒီသုံးခုဟာ အလွန့် အလွန်ကို ရုပ်ဆိုးပါတယ်။တပ်မတော်ဟာ ဘယ်တုန်းကမှ ကယ်တင်ရှင်မဟုတ်ခဲ့ပါ။ ဘာလို့မဟုတ်ဘူးလဲဆိုပြီးလာမေးရင်တော့လည်း ပြန်ဖြေခြင်းငှာ မစွမ်းသာအောင်ကို မှင်သက်မိမှာပါ” ဟု ရေးသားထားသည်။