စက်သုံးဆီဈေးနှုန်းများသည် တစ်လအတွင်း တစ်လီတာလျှင် ကျပ် ၂၀ဝ ခန့်ကျဆင်းလျက်ရှိပြီး ကမ္ဘာ့ရေနံစိမ်းဈေးများသည်လည်း တစ်စည်လျှင် ၃၁ ဒေါ်လာအထိ ကျဆင်းလျက်ရှိကြောင်း စက်သုံးဆီလုပ်ငန်းများထံမှ သိရသည်။
စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ် ၂၀၁၉ ခုနှစ်တွင် အမြင့်ဆုံးအဖြစ် အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၉၀ဝ ဝန်းကျင်အထိ မြင့်တက်ခဲ့ရာမှ လက်ရှိအချိန်တွင် ကျပ် ၅၇၀ ခန့်အထိ ကျဆင်းလျက်ရှိပြီး စက်သုံးဆီရောင်းချသူများအနေနှင့် ဈေးနှုန်းပြောင်းလဲမှုအလိုက် ရောင်းချနေရကြောင်း ၎င်းတို့ထံမှ သိရသည်။
“ဈေးနှုန်းကျဆင်းတာက အရမ်းမြန်တဲ့အတွက် ပြည်တွင်းကစက်သုံးဆီရောင်းချမှုတွေမှာ ထိခိုက်မှုတွေရှိတယ်။ အခုဝယ်တဲ့ဈေးက နောက် ၁ နာရီလောက်မှာထပ်ကျတော့ တက်ဈေးနဲ့မိတဲ့သူတွေ ရောင်းဖို့ဈေးပြန်ညှိရတာတွေရှိတယ်” ဟု စက်သုံးဆီတင်သွင်းရောင်းချသူတစ်ဦးက ပြောဆိုသည်။ ၂၀၁၉ ခုနှစ် မတ်လတွင် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၆၀ အထိမြင့်တက်ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် မတ်လတွင် ဒေါ်လာ ၃၀ ဝန်းကျင်အထိကျဆင်းခဲ့ပြီး တစ်နှစ်အတွင်းအနိမ့်ဆုံးကာလသို့ ရောက်ရှိနေကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရသည်။
လက်ရှိ၌ အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၅၇၀၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ကျပ် ၆၉၀၊ ဒီဇယ် တစ်လီတာလျှင် ၆၄၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ကျပ် ၆၅၀ တို့ဖြစ်သည်။ ဆိုပါဈေးနှုန်းများသည် ၂၀၁၉ ခုနှစ် မတ်လ မှ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ပြီး ကမ္ဘာ့ရေနံဈေးကျဆင်းမှု၏ အကျိုးဆက်တစ်ခုဖြစ်ကြောင်း ပြည်တွင်းစက်သုံးဆီရောင်းချသူများထံမှ သိရသည်။