သြဂုတ်လ ၂၀ ရက်က စတင်မှာ ဖြစ်ပါတယ်။ယနေ့ (သြဂုတ်လ ၂၀ ရက်) က စတင်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေကနေ ရန်ကုန်ကို လာသူအားလုံး ကွာရန်တင်းဝင်ရမယ်လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အတည်ပြု ပြောကြားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တွေမြို့နယ်မှာ သြဂုတ်လ ၁၆ ရက်နေ့ကစတင်ပြီး ပြည်ပခရီးသွားရာဇဝင်မရှိသူ (ပြည်တွင်းကူးစက်မှု) တစ်ဦး တွေ့ရှိခဲ့ပြီး ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းအထိ ပြည်တွင်းကူးစက် ၆ ဦးတွေ့ရှိပြီးတဲ့နောက် စစ်တွေကလာသူအားလုံးကို ကွာရန်တင်းထားဖို့ စီစဉ်နေကြောင်း သိရပါတယ်။“စစ်တွေကနေ လေယာဉ်နဲ့ လာမယ့်သူတွေကို ကွာရန်တင်း ၇ရက် ထားမယ်။ ဟိုတယ် ဒါမှမဟုတ် Facility ဘယ်မှာပဲနေနေ နေလို့ရပြီး ဓာတ်ခွဲနမူနာ နှစ်ကြိမ်ယူမယ်လို့ သိထားပါတယ်။ ၇ရက်ထားမှာက အစိုးရဝန်ထမ်းတွေနဲ့ အရာရှိတွေကိုထားမှာ ဖြစ်ပြီး အကြောင်းကတော့ နိုင်ငံ့ဝန်ထမ်းတွေဖြစ်လို့ အလုပ်တာဝန်တွေ ပြန်ထမ်းဆောင်ရ မှာဖြစ်တယ်လို့သိထားပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။
သာမန်ပြည်သူတွေနဲ့ ကုန်းကြောင်းကလာမယ့်သူတွေနဲ့ ပတ်သက်ပြီး ဆက်လက်မေးမြန်းရာမှာတော့ လက်ရှိမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးလုပ်နေပြီး အစည်းအဝေးအပြီးမှ သိနိုင်မယ်လို့ ဦးနိုင်ငံလင်းက ဆိုပါတယ်။ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ပြည်တွင်းကူးစက်လူနာအဖြစ် လူနာအမှတ် ၃၃၉ ကို ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရှိပြီးနောက် ဆက်စပ်ကူးစက်သူရော၊ နောက်ထပ် ပြည်တွင်းကူးစက်မှုရော မတွေ့ရှိခဲ့တာ တစ်လကြာမြင့်ခဲ့ပါပြီ။ ဒါပေမဲ့ သြဂုတ်လ ၁၆ ရက်နေ့ကစတင်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ပြည်တွင်းကူးစက်လူနာ တစ်ဦးတွေ့ရှိခဲ့ပြီး ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းအထိ ပြည်တွင်းကူးစက်လူနာ ၆ ဦးအထိ တွေ့ရှိလာခဲ့ပြီးတဲ့နောက် ရခိုင်ပြည်နယ်ဘက်မှ ကူးစက်မှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။