စစ်ဖြစ်လာရင် အာကာသထဲက အမေရိကန်ဂြိုလ်တုတွေကို ပစ်ချမယ့် ရုရှားရဲ့ MIG-31 တိုက်လေယာဉ်

Posted on

ဆိုဗီယက်ခေတ် Mig-31 ဂျက်တိုက်လေယာဉ်မှာ အမျိုးအမည်မသိ ဒုံးလက်နက်ဆန်း တပ်ဆင်ထားတာကို မြင့်တွေ့ရ။

ရုရှဟာ Mig-31 ကို ဂြိုဟ်တုတွေကို ပစ်ချမယ့် အာကာသအခြေပြုမစ်ရှင်မှာ ထည့်သွင်းအသုံးပြုဖို့ ဖြစ်နိုင်ခြေများနေ။

အမေရိကန်အနေနဲ့ သူပိုင်ဂြိုဟ်တုတွေကို တိုက်ခိုက်မှုကနေ အများအပြား ကာကွယ်နိုင်မှာ မဟုတ်တာကြောင့် အစားပြန်ပြီး ဂြိုဟ်တုတွေ လွှတ်တင်ရဖို့ပဲ ရှိ။

လေယာဉ်စောင့်ကြည့်သူတွေဟာ တစ်ကြိမ်တစ်ခါမှ မြင်ဘူးခြင်း မရှိတဲ့ ထူးခြားဆန်းပြားတဲ့ လက်နက်တပ်ဆင်ထားတဲ့ ရုရှရဲ့ Mig-31 Foxhound တိုက်လေယာဉ် ပျံသန်းမှုကို မြင်တွေ့လိုက်ရပါတယ်။

ဒီ ဆန်းပြားတဲ့လက်နက်ဟာဆိုရင် ဂြိုဟ်တုဖျက် လက်နက်မျိုးဖြစ်နိုင်ပြီး ဒီလိုတကယ်ဖြစ်တယ်ဆိုရင်တော့ အမေရိကန်အတွက် ခြောက်ခြားအိပ်မက်တစ်ခုပဲ ဖြစ်လာတော့မှာပါ။

Foxhound တိုက်လေယာဉ်တွေဟာဆိုရင် ၁၉၈၀ ဆိုဗီယက်ခေတ် တိုက်လေယာဉ်တွေဖြစ်ပြီး တည်ဆောက်သမျှ ဂျက်လေယာဉ်တွေမှာ အမြန်ဆုံးနဲ့ အမြင့်ဆုံး ပျံသန်းနိုင်တဲ့ လေယာဉ်အုပ်စုမှာ ပါဝင်နေဆဲပါ။

ဘယ်လောက်အမြင့်ထိတောင် ပျံသန်းနိုင်သလဲဆိုရင် ကြီးလေးတဲ့ ၀န်ကို တင်ဆောင်ပြီး အာကာသအစွန်ဖျားထိကို ပျံသန်းနိုင်ပါတယ်။ ဒီအတွက် ဂြိုဟ်ပတ်လမ်းမှာ ရှိတဲ့ ဂြိုဟ်တုတွေကို ဖျက်ဆီးပစ်ချဖို့ စိတ်ကူးအကြံအစည် ရေးဆွဲနိုင်တဲ့ စွမ်းရည် ပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ ရုရှဟာ ဒီအတွက် စက်တင်ဘာလအတွင်းက စမ်းသပ်ပြီးတဲ့ ပုံရှိနေပါတယ်။

မော်စကိုအနီး ဇူကိုဗာစကီက ရုရှလေကြောင်းစက်မှုလုပ်ငန်း စမ်းသပ်ဗဟိုကနေ ကြီးမားတဲ့ ဒုံးကျည်တစ်စီးတပ်ဆင်လျက် Mig-31 လေယာသ် ပျံသန်းသွားတာကို ရုရှလေကြောင်းဆိုင်ရာ ဓာတ်ပုံများ ၀က်ဘ်ဆိုက် ShipSash က လျှပ်တစ်ပြက်ဓာတ်ပုံ ရိုက်လိုက်နိုင်ပါတယ်။

အမေရိကန်ရဲ့ ဘယ်လို ကာကွယ်ရေးစနစ်တိုင်းကိုမဆို ချိုးဖောက်နိုင်တယ်လို့ ရုရှသမ္မတ ပူတင်ပြောထားတဲ့ အသံထက် ငါးဆမြန်တဲ့ မြေပြင်ဒုံးဖျက်ဒုံးကျည်တွေလိုမျိုး ရုရှရဲ့ အထူးလက်နက်တွေအတွက် တပ်ဆင်သယ်ဆောင်ရာအဖြစ် ပြီးခဲ့တဲ့ နှစ်တွေအတွင်း Mig-31 ကို ပြန်လည်အသုံးချလာတာ ဖြစ်ပါတယ်။

Mig-31 မှာ ဂြိုဟ်တုစီမံကိန်းတွေကို ဖျက်ခဲ့ဖူးတဲ့ သမိုင်းရှိပေမယ့် ခုဒုံးကျည်သစ်တွေကတော့ အထူးမွမ်းမံမှုနဲ့ ပစ်မှတ်တိကျစေမယ့် ဒုံးကျည်တွေ ဖြစ်ပုံရပါတယ်။

စစ်ပွဲတွေဟာ ဂြိုဟ်တုတွေက တစ်ဆင့် သတင်းအချက်အလက် မျှဝေမှုအပေါ် ပိုမိုအားထားလာရတာကြောင့် အတိတ်ကာလမှာ အမေရိကန်၊ ရုရှနဲ့ တရုတ်တို့ဟာ ဂြိုဟ်တုစွမ်းဆောင်ရည်ကို ဖျက်ဆီးနိုင်ရေး ဦးတည်တီထွင်မှုတွေ ပြုလုပ်ခဲ့ကြဖူးပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အာကာသအခြေပြု စစ်ပွဲတွေရဲ့ ခြိမ်းခြောက်မှုကို အာကာသတပ်ဖွဲ့တပ်ရင်း သီးသန့်ဖွဲ့ပြီး ကိုင်တွယ်ဖြေရှင်းရမယ်လို့ ပြောဆိုထားဖူးပါတယ်။

အခု ရုရှရဲ့ Mig-31 မှာ တင်ဆောင်သွားတဲ့ ဒုံးကျည်ဟာ ဂြိုဟ်တုဖျက်ဒုံးကျည် ဒါမှမဟုတ် ဂြိုဟ်တုဖျက်လောင်ချာတစ်မျိုးမျိုးလားဆိုတာ သေချာမသိရသေးပေမယ့် အာကာသအခြေပြု စစ်ပွဲအတွက် ပြင်ဆင်ထားတဲ့ ဒုံးကျည်တွေ ဖြစ်နိုင်ပုံတော့ ရပါတယ်။

Rf; TASS
Writer_မောင်သံဆင့် ( YGN Times)

Leave a Reply

Your email address will not be published. Required fields are marked *