တကယ်ဖြစ်ရင် ရန်ကုန်တမြို့လုံး နေ့ တဝက်တောင် ကြာ မှာ မဟုတ်ဘူး

Posted on

case-144 ဟာ ချ န်းရိဖိနပ်စက်ရုံက တရုတ်စကားပြန်အမျိုးသားဖြစ်ပါတယ်။ ဧပြီ(၁၅)ရက်နေ့က ကားစင်းလုံးငှါးပြီး မိုးညှင်းမြို့ကို သွားရောက်ခဲ့ပြီး မိုးညှင်းမြို့က Quarantine ဝင်ခိုင်းခဲ့တဲ့အတွက် Quarantine မှာ ရောဂါပိုး တွေ့ရှိတာပါ။သူနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ စက်ရုံက အယောက်(၃၀)ကျော်ကိုတော့ Quarantine စီစဉ်ထားတယ်လို့ ဖတ်ရတယ်။ ဒီစက်ရုံဟာ အလုပ်သမား ရှစ်ထောင်ကျော် ကိုးထောင်ဝန်းကျင်ရှိတဲ့ အကြီးစားစက်ရုံပါ။ စက်ရုံဝန်ထမ်းအားလုံးကို Qဝင်ခိုင်းဖို့ အတော်ခက်ခဲပါတယ်။ ခက်ခဲတာထက် မဖြစ်နိုင်ဘူးလို့ပဲ အပြတ်ပြောရပါတော့မယ်။ဧပြီ(၂၀)ရက်နေ့ Community Quarantine ပြီးခါနီးကတည်းက အများအပြား ပြောကြပါတယ်။ စက်ရုံအလုပ်ရုံတွေ ပြန်ဖွင့်မယ့်ကိစ္စဟာ အရမ်းအန္တရာယ်ကြီးတယ်ဆိုတဲ့အကြောင်း။ Officeတွေထက် အများကြီး စိတ်ပူစရာကောင်းပါတယ်။ လူတွေ အပြည့်အသိပ်နဲ့ Social Distancing လုံးဝမရနိုင်တဲ့ နေရာတွေပါ။

တာဝန်ရှိသူတွေဟာ ဘော်လီဘောပုတ်ကြရင်း ကြေညာချက်ထုတ်ပြန်ချိန် နောက်ကျခဲ့တယ်။ ဧပြီ၂၀ မှာ ဖွင့်မယ့်လုပ်ငန်းတွေကို မဖွင့်ဖို့ ဧပြီ၁၉ ညအတော်နောက်ကျမှ ကြေညာခဲ့တယ်။ ဧပြီ၂၀ မှာ ဝန်ထမ်းတွေဟာ စက်ရုံရှေ့မှာ အုံလိုက်ကျင်းလိုက်ပါပဲ။ ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးပြီးမှ ပြန်ဖွင့်ရမယ်ဆိုတဲ့အမိန့်ဟာ ထုတ်အလကားဖြစ်သွားပုံရတယ်။ အခု Positive တွေ့တဲ့ စက်ရုံဆို ဒီနေ့ နေ့တစ်ပိုင်းအထိ ဖွင့်တုန်းပဲ။စင်ကာပူမှာ ကိန်းဂဏန်းတွေ အကြီးအကျယ်တက်သွားတာ စက်ရုံတွေက ကိစ္စပါပဲ။ စက်ရုံတွေရဲ့အဆောင်တွေ Dormitory တွေမှာ ကူးစက်မှုတွေ ဖြစ်လာတဲ့အခါ စလုံးအစိုးရဟာ အလုပ်တွေကို အကုန် Work From Home လုပ်လိုက်ရတယ်။ Dormitory တွေကို ပိတ်ချပစ်လိုက်တယ်။ လူဦးရေ များလွန်းလို့ Facilities Quarantine ဘယ်လိုမှ လုပ်မရတော့ဘူး။ အထဲက မကူးစက်သေးသူတွေ ဘဝကလည်း သဗ္ဗေသတ္တာ ကမ္မသကာပဲ။ ကူးချင်ကူး မကူးချင်နေ၊ တစ်မြို့လုံး အပြင်းအထန် မကူးစက်ရင် ပြီးရော သဘောပဲ။

အခု စလုံးမှာ နေ့တိုင်း ထောင်ချီ Positive တွေ တိုးနေတာ ပြင်ပက နည်းနည်းပဲပါတယ်။ အကုန် Dormitory ထဲက ချည်းပဲ။ ဒါတောင် နိုင်ငံက တစ်မြို့စာတည်းမို့၊ ပြီးတော့ စုနေကြတာမို့ လုပ်လို့ရတာ။ ဒီမှာလို မြို့နယ်စုံ နေကြတာ မဟုတ်ဘူး။ စလုံးလို နိုင်ငံသေးသေးလေးမို့၊ အစိုးရက ချမ်းသာလွန်းလို့ လုပ်လို့ရတာ။ ဒီမှာက ရစရာ အကြောင်းမရှိဘူးရယ်။ရန်ကုန်မှာ လူတွေက အခုပုံမှန်နီးပါး သွားလာနေကြပြီ။ ကိုယ်တွေလို အပြင်မထွက်တဲ့ကောင်တွေပဲ စွတ်ကြောက်နေသလို ဖြစ်နေပြီ။ ထွက်တဲ့လူတွေကိုလည်း အပြစ်မပြောရက်ပါဘူး။ အစာအိမ်ကြီးရှိနေသရွေ့ အလုပ်မလုပ်ဘဲနေဖို့လည်း မလွယ်မှ မလွယ်တာ။စလုံးမှာ အလုပ်တွေ Work From Home လုပ်ပစ်တာဟာ ဒီတိုင်းလုပ်လို့ရတာ မဟုတ်ဘူး။ အလုပ်သမားတွေကို လုပ်အားမရှိဘဲ မြန်မာပြည်က သူဌေးမပြောနဲ့ စင်ကာပူက သူဌေးတောင် လစာမပေးနိုင်ဘူး။ လစာမပေးရင် စင်ကာပူက ဝန်ထမ်းတွေလည်း သောင်းကျန်းမှာပဲ။ အစိုးရက အမိန့်ထုတ်တယ်။ အလုပ်မဖြုတ်ရ၊ လစာ မလျှော့ရ၊ ဝန်ထမ်းလစာကို အစိုးရက 75% ဝင်ပေးတယ်၊ အလုပ်ရှင်က 25% ပဲ ပေးရတယ်။ အဲ့လို 75% ဝင်ပေးတယ်ဆိုတာကလည်း ရှေ့မှာ အဲ့ဝန်ထမ်းတွေဆီက အစိုးရက ယူထားတဲ့ အခွန်အခကိုလည်း စုံစမ်းကြည့်လိုက်ဦး။ဒီမှာက အဲ့လိုပေးနိုင်စရာ မရှိဘူး။ အဲ့လိုယူထားတာလည်း မရှိဘူး။ အခုအခြေအနေလောက်ကိုပဲ Qရတာ စစ်ရတာတွေ ကုန်ကျစားရိတ်နဲ့ပဲ နဂိုမွဲအစိုးရဟာ ဖြူခါပြာခါကျလို့ ခွက်ဆွဲနေရပြီ။

အခြေအနေတွေ ပိုဆိုးလာရင် သောက်ကျိုးတွေ နည်းကုန်တော့မယ်။ဝန်းကြပါ ဝိုင်းကြပါဦး။ ဒါကြီးက ဒီလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ် သူဌေးလည်း သူဌေးအထွာ၊ ဝန်ထမ်းလည်း ဝန်ထမ်းအထွာ၊ ဖေးဖေးမမ ညှိညှိနှိုင်းနှိုင်းတွေ လုပ်ကြပါ။ စားဖို့ ရှိသေးသူတွေလည်း စားဖို့မရှိလို့ အပြင်ထွက်ရသူတွေကို ငဲ့ညှာသောအားဖြင့် Social Distancing ရအောင် အိမ်မှာ နေပေးကြပါ။အိမ်မှာ နေတယ်ဆိုတာ အပြောသာလွယ်တာ။ နေနေရတာ တစ်လကျော်ပြီဆိုတော့ သိတယ်။ နယ်မှာမှ ခြံထဲဆင်းလျှောက်လို့ ရသေးတယ်။ ရန်ကုန်မှာက ခေါင်းတောင်ပြူလို့မရဘူး။ စိတ်လွတ်လက်လွတ် အိမ်ပေါ်က ခုန်ချပြေးချင်စိတ်ကို ပေါက်နေကြပြီ။ရန်ကုန်ရဲ့ Public Transport အနေအထားကြီးနဲ့ စက်ရုံတွေမှာသာ အပြုံလိုက်ထိကြရင် ရန်ကုန်တစ်မြို့လုံး နေ့တစ်ပိုင်းတောင် ကြာမှာ မဟုတ်ဘူး။ အခုက ရာဂဏန်းမို့ ထိစပ်သူတွေ ရှာပါဟဲ့၊ Qပါဟဲ့ လုပ်နေနိုင်တာ။ အများကြီး ဖြစ်လာရင် May God Bless You ပဲ။ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ငလူးမ ငဗစ်လည်း ပြန်မပြန်နိုင်ဘူး။ China Made ချင်းအတူ တိုက်ရိုက်ဝင်လာတဲ့ ပိုးမဟုတ်ဘဲ အမေရိကက ဥရောပက ပြန်ဝင်လာတဲ့ပိုးမို့လားမသိဘူး။ စောင်ရမ်းတွေ အကြမ်းခံနေတယ်။ ပြန်ပါတော့ဟာဆိုပြီး ဂျိုကိုင်ပြီး တောင်းပန်ချင်သလိုလို၊ အမြှီးဆွဲပြီး ပါးချချင်သလိုလိုတွေ ဖြစ်နေပြီ။စိတ်တွေ ဖိစီးလွန်းလို့ ကြာရင် ဝေဘာဂီမရောက်ဘဲ ရွာသာကြီး ရောက်တော့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *