တချိန်က ဆယ်ကျော်သက်မိန်းကလေးများအတွက် idol တယောက်ဖြစ်ခဲ့တဲ့ စိုးမြတ်နန္ဒာ

Posted on

နိုင်ငံကျော် သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်နန္ဒာ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။စိုးမြတ်နန္ဒာက သားလေးနဲ့ အတူ အလုပ်တွေကြိုးစားလုပ်ရင်း ဘ၀ကို အေးချမ်းစွာဖြတ်သန်းနေသူပါ။ စိုးမြတ်နန္ဒာအပါအဝင် သူမတို့ ညီအစ်မ လေးယောက် က မင်းသမီး ပိုးထည်တိုက်ကို ဖွင့်ထားပြီး ခုဆိုရင် အောင်မြင်မှုတွေ ရရှိနေတာပါ။


စိုးမြတ်နန္ဒာ ကို ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၁၅မှာမွေးဖွားခဲ့တာပဲ ဖြစ်ပြီး ကျောင်းသူဘဝ ဗဟန်း အ.ထ.က ၂ မှာတက်ရောက်ကတည်းက အစ်မဖြစ်သူစိုးမြတ်သူဇာ လျှမ်းလျှမ်းတောက်ဖြစ်နေတဲ့အချိန်ဖြစ်လို့ စိုးမြတ်နန္ဒာအနေနဲ့ အများရဲ့ဦးစားပေးခြင်းကိုခံရသူပါ။ငယ်ငယ်ကတည်းက သူမ idol က သူမအစ်မဖြစ်သလို အစ်မဖြစ်သူကို အမေတစ်ယောက်လို ချစ်ကြောက်ရိုသေခဲ့ရပါတယ်။သူမအနုပညာလောကထဲ စ၀င်တုန်း က သူနဲ့ခေတ်ပြိုင်မင်းသမီးတွေကတော့ အိန္ဒြာကျော်ဇင် ၊ နှင်းဝတ်ရည်သောင်း နဲ့ ရတနာခင်တို့ပဲဖြစ်ပါတယ်။အနုပညာလောက ကို ကျော်ဟိန်း နေဆန်းတို့နဲ့တွဲဖက်သရုပ်ဆောင်တဲ့ ‘ကံကောင်းလို့’ ဗီဒီယိုဇာတ်ကားနဲ့စတင်ဝင်ရောက်လာပြီး သူမရဲ့အစ်မဖြစ်သူပါဝင်တဲ့ ချစ်လိုက်တော့ ဝမ်းတူးသရီးရုပ်ရှင်ကားကတော့ သူမရဲ့ပထမဆုံးရုပ်ရှင်ကားကြီးပါ။၁၉၉၀ နှောင်းပိုင်းမှာ ထင်ရှားတဲ့ဗီဒီယိုမင်းသမီးငယ်တစ်လက်ဖြစ်လား ပြီးဇာတ်ကားအတော်များများကို သူမနဲ့သက်တူရွယ်တူ ခေတ်ပြိုင်မင်းသားလျှမ်းထက်နဲ့အတူ တွဲဖက်သရုပ်ဆောင်ပါတယ်။လျှမ်းထက်နဲ့စိုးမြတ်နန္ဒာဟာ ရုပ်ရည်အရဆင်တူသလို အသက်အရွယ်အရလည်းညီတာကြောင့်သူတို့နှစ်ယောက်အတွဲဟာ အင်မတန်မှလိုက်ဖက်ညီပါတယ်။နောက်ပိုင်းမှာ သူမက ခေတ်ပြိုင်ခေါင်းဆောင်မင်းသမီးတစ်လက်ဖြစ်လာပါတယ်။ ၁၉၉၀ နှောင်းပိုင်း နဲ့ ၂၀၀၀ အစောပိုင်းကာလတွေမှာ စိုးမြတ်နန္ဒာဟာ ထက်ထက်မိုးဦး နဲ့ ခိုင်သင်းကြည်ပြီးရင် တတိယမြောက်ကြော်ငြာအများဆုံးလက်ခံရိုက်ကူးရတဲ့မင်းသမီးတစ်လက်ဖြစ်လာပါတယ်။၁၉၉၉ ခုနှစ် မြန်မာသစ်ဂျာနယ်ကရွေးကောက်တဲ့ ပရိသတ်အကြိုက်ဆုံးမင်းသမီးဆယ်ဦးမှာ နံပါတ်ကိုးနေရာကပါဝင်ခဲ့ပါတယ်။ဒါ့အပြင် ၂၀၀၂ ခုနှစ် ရွှေအမြုတေဂျာနယ်က သူမကို မြန်မာပြည်ရဲ့အအောင်မြင်ဆုံးမင်းသမီးငါးဦးစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။


၁၉၉၀ နှောင်းပိုင်းမှာဆို စိုးမြတ်နန္ဒာရဲ့ တိုကပ်ကပ်ဆံပင် နဲ့ သူမရဲ့လမ်းလျှောက်ဟန်တို့ဟာ သူမရဲ့အဓိက Trademark ဖြစ်လာပြီး မိန်းကလေးအများစုစွဲလန်းနှစ်ခြိုက်အတုခိုးခဲ့ရပီး စတိုင်မှာခေတ်တစ်ခေတ်ဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။အဲ့ခေတ်ရဲ့နာမည်ကြီးမင်းသမီးအများစု (အထူးသဖြင့်စိုးမြတ်သူဇာ ခိုင်သင်းကြည် နန္ဒာလှိုင်) တို့က ဆံပင်ဖားလျားချပီး လှပကျော့ရှင်းတဲ့ခန္စာကိုယ်ကိုပိုင်ဆိုင်ကြပေမဲ့ စိုးမြတ်နန္ဒာက အဲ့ထဲကခွဲထွက်ပီး အရပ်မြင့်မြင့် သွယ်လျသောခန္ဓာကိုယ် နဲ့ ဆံပင်ပုံစံကိုလည်း အစ်မဖြစ်သူရဲ့အကြံပေးချက်အရ မူရင်းခါးကျော်တဲ့ဆံပင်ကိုဖြတ်ပီး စတိုင်အသစ်ထွင်ခဲ့သူပါ။


စိုးမြတ်နန္ဒာ က ၂၀၀၁ ခုနှစ်မှာ အချစ်ကိုမွေးဖွားခြင်း ရုပ်ရှင်ကားနဲ့ပထမဆုံးအမျိုးသမီးဇာတ်ပို့အကယ်ဒမီရတယ်။စိုးမြတ်နန္ဒာပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားအများစုက မင်းသားဇာတ်နဲ့အပြိုင်ဇာတ်တွေများပေမဲ့သူပါဝင်တဲ့အခန်းမှာတော့ ပရိသတ်လက်ခံအားပေးမှုကိုသိမ်းယူနိုင်တဲ့မင်းသမီးထဲပါဝင်ပါတယ်။အိန္ဒြာကျော်ဇင်နဲ့တွဲတဲ့ဇာတ်ကားအများစုမှာ သူက ဗီလိန်ပုံစံမျိုးပါတာများပေမဲံ့  သူ့ကိုပဲရွေးကြိုက်တဲ့ပရိသတ်လည်းအများအပြားရှိပါတယ်။အကယ်ဒမီတန်းဝင်ဇာတ်ကားများဖြစ်တဲ့ ကျန်စစ်မင်း ၊ လျှို့ဝှက်သောနှင်း ၊ ချစ်ခြင်းငယ်ပြိုင် ၊ ပန်းဒဏ္ဍာရီ ၊ မျှော်လင့်ခြင်းများစွာ ၊ ဆဋ္ဌဂံစတဲ့ဇာတ်ကားအများအပြားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အတွက် အသက်ငယ်ငယ်မှာပဲ ထပ်ဆင့်အကယ်ဒမီဖြစ်ခွင့်ရတာပါ။၂၀၀၄ ခုနှစ်မှာ ချစ်ခြင်းငယ်ပြိုင်နဲ့ ဒုတိယအကြိမ်အမျိုးသမီးဇာတ်ပို့ဆုကို အသက် ၂၅ နှစ်မှာရပါတယ်။


တကယ်တော့ ဒီဇာတ်ကားမှာ သူမပါဝင်တဲ့ နေရာက ဇာတ်ဆောင်ပါ။ဒါပေမဲ့ မမျှော်လင့်ဘဲဇာတ်ပို့ရသွားပေမဲ့ ဒီအခြေအနေကိုကျေကျေနပ်နပ်လက်ခံခဲ့ပါတယ်။နောက်ပိုင်းမှာလဲ သူမအသက်အရွယ်သူမပရိသတ်အင်အားနဲ့ မင်းသမီးတန်းရှိနေပေမဲ့ ဇာတ်ကားအချို့မှာ ဇာတ်ပို့အနေနဲ့သာမက အမေခန်းအစ်မခန်းများကိုပါ ကျေကျေနပ်နပ်လက်ခံရိုက်ကူးပေးခဲ့ပါတယ်။တချို့ထုတ်လုပ်ရေးက မင်းသားသစ်မင်းသမီးသစ်တင်ချင်သောအခါတွင်လည်း သူမက ကျရဇာတ်ရုပ်မှ တစ်ခန်းနှစ်ခန်းဆိုလည်းပါဝင်ခဲ့ပါတယ်။ဒီအချက်ဟာ သူမရဲ့မင်းသမီးတန်းအနေနဲ့ကြည့်ရင်ရော သူမအရွယ်မင်းသမီးများအကြားမှာပါ ထူးခြားတဲ့အချက်တစ်ခုပါ။စိုးမြတ်နန္ဒာဟာ သူမမင်းသမီးဘဝမှာ အင်မတန်မှသဘောကောင်းပြီး ပြောရဆိုရလွယ်တဲ့မင်းသမီးဆီုပြီးအနုပညာအသိုင်းအဝိုင်းမှာနာမည်ကြီးပါတယ်။လှုမှုရေး အိမ်ထောင်ရေးအရှုပ်အထွေးတချို့ကြောင့် ဝေဖန်မှုများရှိသော်လည်း သူမအကျင့်စရိုက်ကြောင့် လူချစ်လူခင်များပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *