အီလွန်မတ်ရဲ့ စည်းစိမ်ကြွယ်ဝမှုဟာ နှေးကွေးသွားတဲ့ လက္ခဏာမရှိဘဲ တိုးပွားလို့ပဲ နေပါတယ်။ဟောဟောဒိုင်းဒိုင်း ပြောတတ်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင် အီလွန်မတ်ပိုင် Tesla Inc. ကုမ္ပဏီရဲ့ ရှယ်ယာတွေဟာ တနင်္လာနေ့မှာ ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့တာကြောင့် လက်ရှိမှာ ကမ္ဘာ့စတုတ္ထမြောက် အချမ်းသာဆုံး ဖြစ်လာခဲ့တာပါ။
ရှယ်ယာဈေးတွေ တက်တဲ့အတွက် အီလွန်မတ်ရဲ့ တနင်္လာနေ့က တစ်ရက်တာ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံ ရှိခဲ့ပါတယ်။Tesla ကို ပူးတွဲတည်ထောင်သူ ပြင်သစ်သူဌေးကြီး ဘားနက်အာနော့ကလည်း Bloomberg Billionaires Indes အညွှန်းကိန်းအရ အမေရိကန်မှ မဟုတ်တဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။
အီလွန်မတ်ရဲ့ စုစုပေါင်း စည်းစိမ်ချမ်းသာမှုဟာ ဒေါ်လာ ၈၄ ဒသမ ၈ ဘီလီယံရှိခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ၅၀၀ စာရင်းမှာ တတိယနေရာမှာ ရှိတဲ့ မက်ဇူကာဘတ်ကို မှီဖို့ ဒေါ်လာ ၁၅ ဘီလီယံပဲ လိုတော့တာ ဖြစ်ပါတယ်။
အီလွန်မတ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်က အမေရိကန် စတော့အိတ်ချိန်ကော်မရှင်ရဲ့ တရားစွဲတာနဲ့ ကြမ်းတမ်းတဲ့ တွစ်တာရေးသားချက်တွေကြောင့် လျှပ်စစ်ကား ထုတ်လုပ်ရေးကုမ္ပဏီ ဥက္ကဌအဖြစ်နေလည်း နှုတ်ထွက်ထားရသူပါ။
ဒါပေမယ့် တနင်္လာနေ့က ရှယ်ယာဈေးတွေအတက်ကြောင့် သူ့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ခုချိန်မှာ ပိုပြီး တိုးပွားလာတော့တာပဲ ဖြစ်ပါတယ်။Tesla ရဲ့ ရှယ်ယာတွေဟာ အခုနှစ်မှာ ၃၃၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။
အီလွန်မတ်ပိုင်ပဲ ဖြစ်တဲ့ SpaceX အာကာသကုမ္ပဏီကလည်း သူ့အတွက် နောက်ထပ် ပိုချမ်းသာစေမယ့် ကုမ္ပဏီအဖြစ် ရှိနေပါတယ်။ ကုမ္ပဏီရဲ့ ရန်ပုံငွေသစ် ထူထောင်မှုမှာ ဒေါ်လာ ၂ ဘီလီယံနီးပါးရှိပြီး ရှယ်ယာတန်ဖိုးကို တွက်ချက်ရမယ်ဆို ဒေါ်လာ ၄၆ ဘီလီယံ ရှိထားတာ ဖြစ်ပါတယ်။
ဒီတစ်နှစ်တည်းရဲ့ အီလွန်မတ် ဝင်ငွေဟာ ဒေါ်လာ ၅၇ ဒသမ ၂ ဘီလီယံအထိ ရှိတာကြောင့် အမေဇုံ တည်ထောင်သူ ဂျက်ဘီဇို့ပြီးလျှင် ဒုတိယမြောက် ဝင်ငွေအကောင်းဆုံးပဲ ဖြစ်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး ဂျက်ဘီဇို့ရဲ့ ၂၀၂၀ ခုနှစ်မှာ ဝင်ငွေဟာ ဒေါ်လာ ၇၃ ဘီလီယံ ရှိပြီး ချမ်းသာကြွယ်ဝမှုကတော့ ဒေါ်လာ ၁၈၈ ဘီလီယံအထိ ရှိပါတယ်။
Rf; Bloomberg