လာမယ့် အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အထူးရဲတပ်ဖွဲ့ဝင် (၄) သောင်း (၅) ထောင် ခန့်ထားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက ပြောပါတယ်။နေပြည်တော်အပါအဝင် တိုင်းဒေသကြီး နဲ့ ပြည်နယ်အလိုက် မဲရုံတွေမှာ တာဝန်ချထားဖို့ အထူးရဲတပ်ဖွဲ့ဝင်တွေကို ခန့်ထားတာ ဖြစ်တယ်လို့ ရဲမှူးကြီး ကျော်သီဟက ပြောပါတယ်။
အထူးရဲတပ်ဖွဲ့လျှောက်ထားလိုသူတွေအနေနဲ့ မြန်မာနိုင်ငံသား အသက် (၁၈) နှစ်အောက် မငယ်၊ အသက် (၆၀) ထက် မကြီးတဲ့သူ ၊ ကျန်းမာရေး ကောင်းမွန်သူ၊ ကိုယ်အင်္ဂါမချို့ယွင်းသူ ၊ ပညာအရည်အချင်း အနေနဲ့ အလယ်တန်းအောင်မြင်ပြီးသူ ၊ အရပ်ပုလွန်းသူ၊ ဝလွန်းသူ မဖြစ်စေရ ၊ ရပ်ရွာက ထောက်ခံသူ၊ သမာသမတ်ကျပြီး သက်ဆိုင်ရာနယ်မြေဒေသက ပြည်သူတွေ ယုံကြည်လေးစားသူ၊ ဖြောင့်မတ်တည်ကြည်သူလို့ ရပ်ရွာက သတ်မှတ်ထားသူ စတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီသူတွေကို ရွေးချယ်ခန့်အပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အထူးရဲအနေနဲ့ လျှောက်ထားလိုသူတွေဟာ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေမှာ စာရင်းပေးသွင်းနိုင်ပြီး ခန့်အပ်ခံရရင်တော့ အခြေခံရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာအတိုင်း ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။အထူးရဲတပ်ဖွဲ့ဝင်တွေကိုတော့ လာမယ့် အောက်တိုဘာ (၁) ရက်ကနေ (၂၈) ရက်အထိ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မဲရုံပေါင်း လေးသောင်းကျော် ရှိပါတယ်။