တာမွေက လူနာအမှတ် (၇၃၆) သည် ရောဂါလက္ခဏာမပြမီ အိမ်တွင် ဘုန်းကြီးဆွမ်းကပ်၍ အလှူလုပ်ခဲ့

Posted on

တာမွေမြို့နယ်၊ ကျောက်မြောင်း မြို့သစ် ၁ လမ်းတွင်နေထိုင်သော ကိုဗစ်လူနာအမှတ် (၇၃၆) သည် ရောဂါလက္ခဏာမပြခင် ၅ ရက်အလိုတွင် ၎င်း၏အိမ်၌ ဘုန်းကြီးဆွမ်းကပ်၍ အလှူလုပ်ခဲ့ကြောင်း တာမွေမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။

အဆိုပါလူနာသည် သြဂုတ်လ ၁၀ ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ်မှ ပြန်လာခြင်းဖြစ်ပြီး လွန်ခဲ့သည် ၃ ရက်ခန့် မှ တာဝန်ရှိသူများထံ သတင်းပေးအကြောင်းကြားခဲ့သောကြောင့် ၎င်းကို Home Quarantine နေထိုင်စေကာ တို့ဖတ်နမူနာယူ၍ သြဂုတ်လ ၂၉ ရက်စစ်ဆေးမှုတွင်ပါဝင်ခဲ့ပြီး သြဂုတ်လ ၃၀ ရက်နံနက်ပိုင်းတွင် ရောဂါပိုးရှိသူ အတည်ပြုလူနာအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိတွင် ၎င်းနေထိုင်ရာ တိုက် နှင့် ၎င်းနှင့်ထိစပ်ခဲ့သူများကို Home Quarantine အဖြစ်နေထိုင်ခိုင်းထားပြီး စေတနာ့ဝန်ထမ်းများဖြင့် ရပ်ကွက်ရှိအဖွဲ့များက ၎င်းတို့လိုအပ်သည် အစားအသောက်ရိက္ခာကိစ္စများကို ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း တာမွေမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံမှသိရပါတယ်။

“ကျွန်တော်တို့စိတ်ပူနေရတာက လွန်ခဲ့တဲ့ ၅ ရက်လောက်က သူ့အိမ်မှာ အလှူလုပ်ထားတယ်။ သူနဲ့ထိတွေ့ခဲ့တဲ့ လူတွေကို ဒီည (သြဂုတ် ၃၀) ဒါမှမဟုတ် မနက်ဖြန်မနက် (သြဂုတ် ၃၁) ကို ခေါ်စစ်ဖို့ချိန်းထားပါတယ်။ သူတို့ရဲ့ အဖြေ ကိုကြည့်ပြီးကွင်းဆက်တွေကိုလိုက်ရမှာပေါ့” ဟု တာမွေမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။လက်ရှိတွင် တာမွေမြို့နယ်၊ ကျောင်းမြောင်းရပ်ကွက်အတွင်း ရခိုင်ပြည်နယ်မှ ပြန်လာသူ အများအပြားရှိပြီး လာရောက်စစ်ဆေးသူများလည်းရှိသလို သတင်းရရှိသဖြင့်သွားရောက်စစ်ဆေးမှုများလည်းရှိကြောင်း ၎င်းက ရှင်းပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *