ဒီကနေ့ မနက် ထုတ်ပြန်ချက်မှာပါရှိတဲ့ လူနာ နံပတ်(၆၀၆)က စစ်တွေကနေ တောင်ငူကို ပြန်လာတဲ့သူဖြစ်ပြီး (၄)ရက်မြောက်နေ့မှ ကွာရန်တင်းဝင်ရောက်တဲ့သူဖြစ်တယ်လို့ သိရပါတယ်။လူနာနံပတ် (၆၀၆)က အသက်(၄၂)နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး စစ်တွေမှာ အလုပ်လုပ်ကိုင်တဲ့သူဖြစ်တယ်လို့ သိရပါတယ်။တောင်ငူကသူ့ရဲ့ မိသားစုဆီကို ပြန်လာရာမှာ ရပ်ကွက်တာဝန်ရှိသူတွေကို အကြောင်းမကြားဘဲနေထိုင်နေတာဖြစ်ပြီး ရပ်ကွက်သူရပ်ကွက်သားတွေအသိပေးမှ သိရတာဖြစ်တယ်လို့ တောင်ငူမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခက Duwun ကိုပြောပါတယ်။
သူက စစ်တွေကနေပြန်လာတာ။ ရောက်ရောက်ချင်းကွာရန်တင်းမဝင်ထားဘူး။ အပြင်မှာ (၄)ရက်လောက်နေထားသေးတယ်။ ရပ်ကွက်ကလူတွေအကြောင်းကြားမှ တာဝန်ရှိသူတွေက သွားခေါ်ပြီး ကွာရန်တင်းဝင်ခိုင်းထားရာကနေ အခုရောဂါပိုးတွေ့ရှိတာပါ။ သူ့ရဲ့ မိသားစုဝင်တွေကိုတော့ ကွာရန်တင်းထားဖို့ သွားခေါ်နေပြီ။တခြားသူနဲ့ထိတွေ့ထားသူတွေကိုလည်း စုံစမ်းမှုတွေလုပ်နေပြီ” လို့ ဦးမိုးမခကပြောပါတယ်။
လူနာနံပတ်(၆၀၆)က တောင်ငူမြို့ရဲ့ ပထမဆုံးကိုဗစ်လူနာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဒေသခံပြည်သူလူထုအနေနဲ့ကလည်း စိုးရိမ်မှုတွေရှိနေကြသလို ဒေသတွင်းမှာ ကိုဗစ်စည်းကမ်းတွေနဲ့ ပတ်သက်လို့ တင်းကြပ်မှုတွေလုပ်သွားမယ်လို့ သိရပါတယ်။မနက်ဖြန်ကစပြီး တောင်ငူမြို့မှာ စားသောက်ဆိုင်တွေကို ပါဆယ် စနစ်နဲ့သာ ရောင်းချခွင့်ပြုတော့မှာဖြစ်ပြီး အားကစားပွဲတွေ၊ သင်တန်းတွေကို လုပ်ခွင့်ပြုမှာမဟုတ်တော့ဘူးလို့ ဆိုပါတယ်။