ထိုင်ဝမ်ကျွန်းအနီး ချည်းကပ်လာခဲ့သော တရုတ်ဂျက်တိုက်လေယာဉ်များကို ကြားဖြတ်ဟန့်တားခဲ့သည့် လေတပ်ဖွဲ့မှ တိုက်လေယာဉ်မှူးများ၏ သူရဲကောင်းဆန်သောစွမ်းဆောင်မှုကို ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ယ နေ့ ချီးကျုးလိုက်သည်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအား ယင်း၏ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်မှုကြောင့် မကြာသေးမီနှစ် များအတွင်း တရုတ်နှင့်ထိုင်ဝမ်ကြား တင်းမာမှုများ အမြင့်ဆုံးအခြေအနေအထိ ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်အပတ်က တရုတ်ဂျက်တိုက်လေယာဉ်များကို ထိုင်ဝမ်လေယာဉ်များက ကြားဖြတ်ဟန့်တားကာ မောင်းထုတ်ခဲ့ရသည်။တရုတ်ဂျက်တိုက်လေယာဉ်များကို ကြားဖြတ်ဟန့်တားကာ မောင်းထုတ်ခဲ့သည့် သူရဲကောင်းဆန်သော စွမ်းဆောင်မှုကို သတိပြုမိခဲ့ကြောင်း ထိရှလွယ်သော ထိုင်ဝမ်ရေလက်ကြားအနီး ပန်ဟူကျွန်းပေါ်ရှိ အရေးပါသော လေတပ်အခြေစိုက်စခန်းသို့ သွားရောက်လည်ပတ်စဉ် သမ္မတ ဆိုင်အင်ဝမ်က လေယာဉ်မှူးများ၊ အင်ဂျင်နီယာ များသို့ ပြောကြားခဲ့သည်။
“ရှင်တို့အပေါ် ကျွန်မ ယုံကြည်မှုအပြည့်ရှိတယ်။ ထိုင်ဝမ်လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့ပါတယ်” ဟု သမ္မတ ဆိုင်အင်ဝမ်က ပြောသည်။အဆိုပါလေတပ်အခြေစိုက်စခန်း၌ ၁၉၉၇ ခုနှစ်တွင် တပ်တော်ဝင်ခဲ့သည့် အိုင်ဒီအက်ဖ်တိုက်လေယာဉ် များ ထားရှိပြီး တရုတ်နိုင်ငံ၏ စစ်ရေးအရ ကျူးကျော်တိုက်ခိုက်မှုကို တုံ့ပြန်ရာတွင် ထိုင်ဝမ်ကျွန်း၏ ရှေ့မျက်နှာ စာတစ်ခုဖြစ်သည်။ “ခြိမ်းခြောက်မှုတွေ ရှိနေသရွေ့ ကျွန်တော်တို့ရဲ့ လေကြောင်းပိုင်နက်ကို ကာကွယ်စောင့်ရှောက်မှာဖြစ်ပါ တယ်” ဟု ထိုင်ဝမ်လေတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၈ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး ၁၂၅ မိုင်အကွာမှ ပစ်မှတ်များကို သို့မဟုတ် ထိုင်ဝမ်ကျွန်းအနီး ချည်းကပ်လာသော စစ်သင်္ဘောများကို တိကျစွာထိမှန်အောင် ပစ်ခတ်နိုင်သော ဝမ်ချန် ဝေဟင်-မြေပြင်ခွင်းဒုံး ကျည်များကိုလည်း ထိုင်ဝမ်လေတပ်ဖွဲ့က ထုတ်ဖော်ပြသခဲ့သည်။အမေရိကန် စီးပွားရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကိတ်ကခရပ်ခ်ျ၏ ပြီးခဲ့သည့်အပတ်က ထိုင်ဝမ်ခရီးစဉ်အပါအဝင် အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ ပံ့ပိုးမှုများ တိုးမြှင့်လုပ်ဆောင်မှုက တရုတ်နိုင်ငံအား အမျက်ထွက်စေခဲ့သည်။