တရုတ်နိုင်ငံ၊ ရှန်ဟိုင်းအိုးရှင်းဝေါလ်ငါးပြခန်းမှာ နှစ်ပေါင်းများစွာ ဖျော်ဖြေတင်ဆက်ပေးနေခဲ့ရတဲ့ ဘီလူဂါဝေလငါးလေးနှစ်ကောင်ရဲ့ သမုဒ္ဒရာထဲကိုပထမဦးဆုံးပြန်ရတဲ့ အိမ်ပြန်ခရီးစဉ်စတင်ခဲ့ပြီဖြစ်ပါတယ်။
Little Grey နဲ့ Little Whiteလို့ အမည်ပေးထားတဲ့ ဒီဝေလငါးလေးနှစ်ကောင်စလုံးက အသက် ၁၂နှစ်အရွယ် ဘီလူဂါဝေလငါးအမတွေဖြစ်ကြပြီး သဘာဝအတိုင်းသမုဒ္ဒရာရေပြင်ကျယ်ထဲမှာ လွတ်လပ်ပျော်ရွှင်စွာ ကျက်စားနေထိုင်ဖို့ မိုင် ၆၀၀၀ကျော်တဲ့ ခရီးစဉ်ကို နှင်ခဲ့ကြတာဖြစ်ပါတယ်။
ကမ္ဘာ့ပထမဦးဆုံးရေပြင်ကျယ်သဘာဝဘေးမဲ့နေရာဖြစ်တဲ့ အိုက်စ်လန်နိုင်ငံတောင်ဘက်ကမ်းရိုးတန်း၊ ကလက်စဗစ်ပင်လယ်ကွေ့နေရာက စောင့်ရှောက်ရေးသတ်မှတ်နေရာမှာ ဒီဝေလငါးလေးနှစ်ကောင်ရောက်ရှိနေပြီဖြစ်ပြီး ပတ်ဝန်းကျင်းအသစ်၊ နေရာအသစ်မှာ ရင်းနှီးကျွမ်းဝင်ပြီဆိုတာနဲ့ မကြာခင်မှာပဲ ဒီဝေလငါးလေးတွေကို နောက်ဆုံးအဆင့်အနေနဲ့ သဘာဝအတိုင်းလွှတ်ပေးလိုက်မှာဖြစ်တယ်လို့ Sea Life Trust အဖွဲ့က ဆိုပါတယ်။
တရုတ်နိုင်ငံကနေ ဘီလူဂါဘေးမဲ့ရေပြင်ဌာနထိရောက်ဖို့ နာရီပေါင်း ၃၀ကြာ လေယာဉ်နဲ့ခရီးနှင်ခဲ့ရပြီး စောင့်ရှောက်ပေးတဲ့ရေကန်တွေကနေ သမုဒ္ဒရာရေပြင်ကျယ်ထဲလွှတ်ပေးတဲ့အထိ အဆင့်ဆင့်ပြောင်းရွှေ့ပေးသွားမှာဖြစ်ကာ နောက်ဆုံးခြေလှမ်းတစ်ဆင့်သာကျန်ပါတော့တယ်လို့ Sea Life Trust အဖွဲ့ရဲ့အကြီးအကဲ အန်ဒီဘူးလ်က ဆိုပါတယ်။