အိန္ဒိယမြို့တော် နယူးဒေလီက ရဲတွေက ဒေသခံ အလွတ်သတင်းထောက်တယောက်ကို အတိမ်းအစောင်းမခံတဲ့ သတင်းအချက်အလက်တွေ တရုတ်ထောက်လှမ်းရေးအရာရှိတွေကို လွှဲပေးမှုနဲ့ ဖမ်းထားတယ်လို့ စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
အသက် ၆၁ နှစ်အရွယ် ရာဂျိဗ်ရှာမာဟာ ဒီသီတင်းပတ်အစောပိုင်းမှာ အဖမ်းခံရတယ်။ အရာရှိတွေက သတင်းထောက်ရဲ့ အိမ်ကနေ အိန္ဒိယ ကာကွယ်ရေးဌာနနဲ့ပတ်သက်တဲ့ အတွင်းရေး စာရွက်စာတမ်းတချို့ကို သိမ်းယူခဲ့ကြတယ်လို့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
တရုတ်ထောက်လှမ်းရေးဆီ သတင်းအချက်အလက်တွေ ပေးဖို့ ရှာမာကို ငွေကြေး အမြောက်အမြားပံ့ပိုးမှု စွဲချက်နဲ့ တရုတ်အမျိုးသမီးတဦးနဲ့ သူ့ရဲ့ နီပေါနိုင်ငံသား လက်တွဲဖော်တို့လည်း အဖမ်းခံထားရပါတယ်။
ဟိမဝန္တာဒေသ နယ်စပ်မှာ တရုတ်နဲ့ အိန္ဒိယ အိမ်နီးချင်း နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်နေချိန်မှာ ခုလို ဖမ်းဆီးခဲ့တာပါ။ဇွန်လက အိန္ဒိယစစ်သည် အယောက် ၂၀ သေဆုံးခဲ့ရတယ်လို့ အိန္ဒိယအစိုးရက ပြောထားတဲ့ ပဋိပက္ခအပြီး နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပိုဆိုးရွားလာနေပါတယ်။