တရုတ်နဲ့ဆက်ဆံရေးတင်းမာနေတဲ့ ထိုင်ဝမ်ဆီ အမေရိကန်က ခေတ်မီဒရုန်းတွေ ရောင်းချမယ်

Posted on

ပင်လယ်နဲ့ ကုန်းမြေရဲ့ ကျယ်ပြန့်တဲ့ ဧရိယာကို စောင့်ကြည့်နိုင်မယ့် ခေတ်မီဝေဟင်ဒရုန်း လေးစင်းကို ထိုင်ဝမ်ဆီ ပထမဆုံးအဖြစ် ရောင်းချရေး အမေရိကန်က စေ့စပ်ညှိနှိုင်းနေတယ်လို့ နီးစပ်သူ ခြောက်ဦးက ပြောပါတယ်။

ထိုင်ဝမ်မှာ လက်ရှိ ပိုင်ဆိုင်ထားတဲ့ မိုင် ၁၆၀ ဧရိယာကို ထောက်လှမ်းနိုင်တဲ့ ဒရုန်းတွေထက် ပိုသာပြီး မိုင် ၆၀၀၀ ဧရိယာကို ထောက်လှမ်းနိုင်မယ့် SeaGuardian ထောက်လှမ်းရေးဒရုန်းတွေကို ရောင်းချဖို့ ဖြစ်ပါတယ်။

အဲဒီ ဒရုန်းတွေကို ပိုင်ဆိုင်တာအတွက် ထိုင်ဝမ်အနေနဲ့ တရုတ်ရဲ့ လေတပ်၊ ဒုံးကျည်တွေနဲ့ အခြားစစ်ရေးအဆောက်အအုံတွေကို ပိုမို ထောက်လှမ်းနိုင်စွမ်း ရှိလာတော့မှာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီ မောင်းသူမဲ့လေယာဉ်တွေ ရောင်းချရေးကို ခွင့်ပြုပြီး ဖြစ်တယ်လို့ နီးစပ်သူ နှစ်ဦးက ပြောပါတယ်။ ဒါပေမယ့် ဒီ ဒရုန်းတွေမှာ လက်နက်တွေပါ တပ်ဆင်ပြီး တင်ပို့သွားဖို့ အမေရိကန်တာဝန်ရှိသူတွေ အတည်ပြုထားသလားဆိုတာကို မသိရကြောင်း တစ်ဦးသော ပုဂ္ဂိုလ်က ဆိုပါတယ်။

အရောင်းအဝယ်ကို ကွန်ဂရက်က အတည်ပြုရဦးမည် ဖြစ်ပြီး လာမယ့် လ အစောဆုံးအဖြစ် ရောင်းချဖြစ်နိုင်တယ်လို့ နီးစပ်သူနှစ်ဦးက ပြောကြပါတယ်။ နောက်ဆုံး သဘောတူညီချက်ကို ကွန်ဂရက်အနေနဲ့ ပိတ်သိမ်းနိုင်ပိုင်ခွင့်လည်း ရှိထားပါတယ်။

ထိုင်ဝမ်ကို ပိုင်ဆိုင်တယ်လို့ အတည်ပြုထားတဲ့ တရုတ်နိုင်ငံအတွက်တော့ အခု အရောင်းအဝယ်မျိုးဟာ အမျက်ထွက်စရာ ဖြစ်စေမှာပါ။

အမေရိကန် မဟာမိတ်တွေနဲ့ မနီးစပ်တဲ့ နိုင်ငံတွေဆီ ခေတ်မီဒရုန်းတွေ ရောင်းချခြင်းကို တားမြစ်နိုင်မယ့် ဥပဒေတစ်ရပ်ကို ရီပတ်ဘရီကန်နဲ့ ဒီမိုကရက်အမတ်တွေက အင်္ဂါနေ့က တင်သွင်းလာပါတယ်။ အဲဒီ ဥပဒေအရ ခေတ်မီဒရုန်းတွေကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေ၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ အစ္စရေးနိုင်ငံတို့ကိုပဲ ရောင်းချခွင့် ရှိမှာ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ ဒရုန်းတွေကို နိုင်ငံများစွာဆီ ပိုပြီး ရောင်းချနိုင်ရေ စီမံချက် ချပြီးနောက် ထိုင်ဝမ်နဲ့ အခု သဘောတူညီချက်ဟာ ပထမဆုံး ဒရုန်းရောင်းချမှု ဖြစ်လာမှာပါ။

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနကတော့ အခု သတင်းနဲ့ ပတ်သက်လို့ ထင်မြင်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

Rf; Reuters
Writer_ မောင်သံဆင့် ( YGN Times )

Leave a Reply

Your email address will not be published. Required fields are marked *