ထရမ့်ပ် အစိုးရသည် ပဋိပက္ခများ ဖြစ်ပွားလာပါက ထိုင်ဝမ် ဂျက်လေယာဉ်များက တာဝေးရှိ တရုတ်ပစ်မှတ်များကို ထိမှန်အောင် ပစ်ချနိုင်သည့် ဂျက်ဒုံးကျည်အသစ်များ အပါအဝင် လက်နက်ကြီးများ ရောင်းချမည့် အဆိုပြုချက် ၇ခု ကို အတင်း တွန်းအားပေး နေသည်ဟု သတင်းများ ထွက်ပေါ်လာသည်။ကွန်ဂရက်က ခွင့်ပြုပါက ဘီလီယံနှင့်ချီကာ တန်ဖိုးရှိသော ပစ္စည်းများရောင်းမည့် ယခု အစီအစဉ်သည် မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်သို့ လက်နက်အများဆုံး တင်ပို့ခဲ့သလိုမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်လာမည် ဖြစ်သည်။
အမေရိကန်အစိုးရသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရက်တစ် ကျွန်းစုဖြစ်သည့် ထိုင်ဝမ်အား ကာကွယ်ရေးဆိုင်ရာ လက်နက်များ ရောင်းချနိုင်ရန် ဥပဒေအရ ထောက်ခံချက် ရရန် လိုအပ်သည်။ထိုင်ဝမ်ကို မိမိတို့ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားသော တရုတ်သည် ဇန်နဝါရီလ အတွင်းက ပေကျင်းကို ဆန့်ကျင်းသူ ထိုင်ဝမ်သမ္မတ Tsai Ing-wen ထပ်မံ အရွေးချယ် ခံရပြီးနောက်တွင် ကျွန်းအနီး၌ စစ်ရေးလေ့ကျင့်မှု ပိုမိုလုပ်ဆောင်လာခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်ပ်နှင့်သူ၏ မဲဆွယ်စည်းရုံးရေး နည်းဗျူဟာများတွင် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးတွင် တရုတ်ကို တင်းတင်းကျပ်ကျပ် ထိုးနှက်ရန် ပါဝင်လာချိန်တွင် ယခု အရောင်းအ၀ယ်ကိုလည်း အဆိုပြုလာခြင်းဖြစ်သည်။အချို့သော အစိုးရ အရာရှိများက ထိုင်ဝမ်ကို အားဖြည့်ပေးခြင်းသည် တရုတ်ကို ပိုမို ဆန့်ကျင့်နိုင်သော စစ်ရေးတန်ပြန်မှုတစ်ရပ်ကို ဖန်တီးရာတွင် အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟု ရှုမြင်ကြသည်။
ထိုင်ဝမ် ကွန်ဂရက်တွင်လည်း ယင်းသို့သော ကိစ္စများအတွက် ပါတီနှစ်ခုအကြား ထောက်ခံမှုအပြည့်ရှိတတ်သဖြင့် အုပ်ချုပ်ရေးအရာရှိများက ဥပဒေပြုသူများကို လက်နက်ရောင်းချမှု အတည်ပြုရန် မျှော်လင့်နေကြသည်။နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ နည်းပညာ၊ သံတမန်ဆက်ဆံရေးနှင့် အာရှတွင် စစ်တပ်လွှမ်းမိုးမှုစသည့် ပြဿနာများစွာ အပေါ် တစ်ဦးနှင့်တစ်ဦး ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေကြသော အမေရိကန်နှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးသည် ဆယ်စုနှစ်များစွာအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားသည်။ထိုင်ဝမ်သို့ တင်ပို့ရန် အဆိုပြုထားသော လက်နက်များအနက် အလွန်အရေးပါသည့် လက်နက် စနစ်မှာ ဘိုးရင်းမှ ထုတ်လုပ်သော AGM-84H / K SLAM-ER ဒုံးကျည်ဖြစ်သည်။
ယင်းလက်နက်စွမ်းသည် တရုတ်၏ လေကြောင်းရန် ကာကွယ်ရေးစနစ် လက်လှမ်း မမီနိုင်သော ပျံသန်းသောဂျက်လေယာဉ်များမှ တစ်ဆင့် တာဝေးသို့ ပစ်ခတ် နိုင်စွမ်းရှိသည်။ဒုံးကျည် အသစ်အဆန်းများက ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ရန် ကြိုးစားနေသည့် စစ်သင်္ဘောများ အပါအဝင် တရုတ်ပြည်မကြီး (သို့) ပင်လယ်ပြင်မှ ပစ်မှတ်များကို ထိမှန်စေနိုင်သည်။ယခု အဆိုပြုထားသော ယခုဒုံးကျည်မျိုးကို တရုတ် စစ်တပ်အရာရှိများက စိုးရိမ်ဖွယ်ရာ ဖြစ်စေနိုင်ကြောင်း ယခင်က ဖော်ပြနိုင်ခြင်း မရှိခဲ့သေးသည့် နည်းပညာသစ် ဖြစ်သည်။
အဆိုပါဒုံးကျည်များကို အမေရိကန်ပြည်ထောင်စုမှ ထိုင်ဝမ်သို့ ရောင်းချခဲ့သော F-16 ဂျက်တိုက်လေယာဉ်များတွင် တပ်ဆင် အသုံးပြုနိုင်သည်။ ထရမ့်ပ် အုပ်ချုပ်ရေးသည် ထိုင်ဝမ်သို့ ထိုကဲ့သို့သော ဂျက်လေယာဉ် ၆၆ စင်းကို အမေရိကန်ဒေါ်လာ ၈ ဘီလီယံ (S $ 10.86 billion) ဖြင့် ရောင်းချခဲ့ကြောင်း လွန်ခဲ့သောနှစ်က ကြေငြာခဲ့ဖူးသည်။တာဝန်ရှိသူများ၏ အဆိုအရ လက်ရှိရောင်းချမည့် စာရင်းထဲတွင် General Atomics မှထုတ်လုပ်သည့် Reaper မော်ဒယ် စောင့်ကြည့်လေ့လာရေး မောင်းသူမဲ့လေယာဉ်များ၊ Lockheed Martin မှ ထုတ်လုပ်သော ထရပ်ကား အခြေပြု ဒုံးကျည်စနစ်၊ ဘိုးရင်း ထုတ် မြေပြင်အခြေပြု Harpoon သင်္ဘောဖျက်ဒုံးကျည်များနှင့် ပင်လယ်မိုင်းများ ပါဝင်သည်ဟု သိရသည်။ ။
အဆိုပြုချက်တွင် ပါဝင်နေသော အမေရိကန် ကုမ္ပဏီများကို တရုတ်နိုင်ငံကလည်း ပိတ်ဆို့မှုများ ပြန်လည် ကြေငြာလာနိုင်သည်။ ဇူလိုင်လက ထရမ့်ပ် အုပ်ချုပ်ရေးမှ ထိုင်ဝမ်သို့ အမေရိကန်ဒေါ်လာသန်း ၆၂၀ဖိုး လက်နက်တင်ပို့ရန် သဘောတူညီမှုကို အတည်ပြုခဲ့ပြီးနောက် Lockheed Martin ကိုအပြစ်ပေးမည်ဟု တရုတ်က ပြောကြားခဲ့ဖူးသည်။