အခုတစ်ခေါက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဒီဘိတ် (General Debate) ဟာ အလွန်ပဲ ထူးခြားပြီး အစောင်းအချိတ်တွေ၊ အထေ့အငေါ့တွေ၊ ပြစ်တင် စွပ်စွဲမှုတွေနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မကျေနပ်မှုတွေကို ထုတ်ဖော်ကြရာ အစည်းအဝေးကြီးပဲ ဖြစ်ခဲ့ပါတယ်။ ဗီဒီယို ကွန်ဖရင့် လုပ်ကြလို့သာ တော်တော့တယ်။ မျက်နှာချင်းဆိုင်ဆိုရင် ထသတ်ကုန်ကြမလား လို့တောင် ပြောကြပါတယ်။ တကယ်ကတော့ ဗီဒီယိုကွန်ဖရင့် လုပ်ကြတာမို့ လူချင်းဆုံရတာ မဟုတ်တဲ့အတွက် အားမနာတမ်း ပိုပြောကြ၊ ဆိုကြ၊ ဖိုက်ကုန်ကြတာလို့ ထင်ပါတယ်။
တရုတ်တို့ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံလို နိုင်ငံတကာ ဆွေးနွေးပွဲကြီးမှာ အမေရိကန် သမ္မတရဲ့ ထိုးနှက်ချက်တွေအရ ဗိုင်းရပ်ပြဿနာ အစ ပထမပိုင်းမှာ ကတည်းက လုပ်ပုံကိုင်ပုံ အမှားတွေကြောင့် အရှက်ရစရာ ဖြစ်ခဲ့တယ် ဆိုတာကို နိုင်ငံတကာက ပြန်သတိရ လာစေပါတယ်။ ဒီအမှားဟာ ကမ္ဘာကြီးကို ဒုက္ခတွင်းထဲ ပို့ခဲ့ပါတယ်။ ဒုက္ခတွင်းထဲကို မပို့ခင် တရုတ်တို့မှာ ရပ်ချင်ရင် ရပ်လို့ရတဲ့ အခွင့်အရေး ရှိခဲ့တယ်ဆိုတာ ကမ္ဘာကသိအောင် အမေရိကန် သမ္မတ ထရမ့်က ထုတ်ပြောနိုင်ခဲ့ပါတယ်။ တရုတ်တို့ဟာ လတ်တလောမှာ ပြဿနာပေါင်း များစွာကို ရင်ဆိုင်နေရပါတယ်။ တောင်တရုတ် ပင်လယ်ထဲက ပိုင်ဆိုင်မှုတွေ ကြေညာတာကို နိုင်ငံတကာက ဝိုင်းကန့်ကွက်နေတဲ့ ပြဿနာဟာလည်း စစ်ရေးအရ တင်းမာမှုတွေဖြစ်နေပါတယ်။ တရား ဥပဒေအရ အနိုင်မရခဲ့တဲ့ အငြင်းပွားမှုကို တရုတ်ဟာ အရှုံးကို လက်မခံပါဘဲ တရားလက်လွတ် အင်အားသုံးပြီး ချဲ့ထွင်လာလို့ အမေရိကန်နဲ့မဟာမိတ်တွေ တောင်တရုတ် ပင်လယ်မှာ စစ်ပြင်ဆင် နေကြပါတယ်။
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ကိုလည်း စာချုပ်မပြည့်ခင် လုံခြုံရေး ဥပဒေထုတ်ပြီး လွတ်လပ်မှုတွေ ထိန်းချုပ်ခဲ့လို့ ဗြိတိန်၊ အမေရိကန် အပါအဝင် ဒီမိုကရေစီ နိုင်ငံတွေနဲ့ ဆက်ဆံရေး ထိခိုက်ပြီး ဥပဒေတွေ၊ ဆန်ရှင်တွေ ပေါ်ပေါက်လာနေရပါတယ်။ အိန္ဒိယနဲ့လည်း နယ်စပ်ပြဿနာ ဖြစ်ထားတာ အနည်မထိုင်သေးပါဘူး။ထိုင်ဝမ်ကို လာရောက်တဲ့ အမေရိကန် အဆင့်မြင့် အရာရှိတွေ အပါအဝင် နိုင်ငံရပ်ခြား ကိုယ်စားလှယ်တွေ အပေါ်မကျေနပ်မှုတွေကနေ ထိုင်ဝမ်ကို စစ်ရေးနဲ့ ခြိမ်းခြောက်မှု တွေကလည်း ရက်ခြားဆိုသလို ဖြစ်နေ လုပ်ပြနေပါတယ်။ဖိလစ်ပိုင် သမ္မတ ဒူတာတေးကလည်း တရုတ်အပေါ် ပြောဆို တုံ့ပြန်မှုတွေကို ကုလသမဂ္ဂ UNGA မှာ ထုတ်ပြောနေပါတယ်။ တိဘက်ကိစ္စ၊ ရှင်းကျန်းက ဝီဂါကိစ္စတွေကလည်း တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်တည်း ဆိုသလို ဖြစ်နေတာပါ။အမေရိကန်နဲ့ကတော့ ပြောလို့တောင် မဆုံးနိုင်ပါဘူး။ လတ်တလော ရက်ပိုင်းမှာတင် တိဘက်သူလျှို ဖမ်းမိထားပါတယ်။ သူလျှိုတွေ၊ နည်းပညာခိုးတာတွေ၊ ကောင်စစ်ရုံးတွေ ပိတ်ခဲ့ရတာတွေ၊ ကုန်သွယ်ရေး စစ်ပွဲတွေ၊ နည်းပညာဆိုင်ရာ ဆန်ရှင်တွေ စတာတွေနဲ့ ပွထနေတာပါ။
ပြဿနာပေါင်း များစွာမှာ အကုန်လုံး မမှန်ရင်တောင် အတော်များများဟာ တရုတ်တို့ရဲ့ အကျင့်စရိုက်တွေကြောင့် လောဘတွေကြောင့်၊ ဗိုလ်ကျလိုမှုတွေကြောင့် ဖြစ်ရတာတွေ ဆိုတာဟာ နိုင်ငံတကာက သိနေကြပါပြီ။မြန်မာတွေကတော့ သိတယ်ဆိုတာ ထက် ပိုသိခဲ့တာ ကြာပါပြီ။ နယ်စပ် ကုန်သွယ်ရေး၊ ပုံမှန် ကုန်သွယ်ရေး၊ သောင်းကျန်းသူ လက်နက် ထောက်ပံ့မှု၊ မြစ်ဆုံပိုက်လိုင်း၊ ကြေးစင်တောင်၊ သစ်၊ ကျောက်စိမ်း၊ ကျောက်ဖြူ စုံလို့ပါပဲ။ကုလသမဂ္ဂမှာ ရှီကျင့်ဖျင် ပြောသွားတဲ့ “ကျွန်တော်တို့ ကြီးစိုး လွှမ်းမိုးမှုကို မရှာဘူး၊ နယ်မချဲ့ဘူး၊ သြဇာ ဖြန့်ကြက်ဖို့ မလုပ်ဘူး။ ဘယ်နိုင်ငံနဲ့မှ စစ်အေးရော စစ်ပူပါ ဆင်နွှဲဖို့ ရည်ရွယ်ချက် မရှိဘူး” ဆိုတဲ့စကား၊ “သူတပါးရဲ့ကံကြမ္မာကို ကိုင်တွယ် ဖန်တီးချင်လို့ မရဘူး၊ အကျိုးအမြတ် ထုတ်ချင်လို့လည်း မရဘူး” ဆိုတဲ့ စကားတွေဟာ မှန်တယ် မမှန်ဘူးဆိုတာ မြန်မာပြည် တစ်ခုတည်းနဲ့တင် သက်သေပြလိုက်လို့ ရပါတယ်။ “တရုတ်တွေ ကမ္ဘာကို လိမ်တယ်” လို့ ထရမ့်က ပြောပါတယ်။ တကယ်တော့ တရုတ်တို့ ကုလသမဂ္ဂ အထိ တက်လိမ်နေတာပါ။