စားသောက်ဆိုင် ပြိုကျမှုဖြစ်ပွားစဉ် လူ ၄၅ ဦးရှိနေခဲ့တယ်လို့ ဆိုပါတယ်။တရုတ်နိုင်ငံမြောက်ပိုင်းရှိ အထပ်နှစ်ထပ်ပါ စားသောက်ဆိုင်တစ်ဆိုင်မှာ စုရုံးတွေ့ဆုံပွဲ ပြုလုပ်နေစဉ် အဆောက်အအုံ ပြိုကျခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း အစိုးရသတင်းဌာနက ပြောပါတယ်။ယနေ့ (ဩဂုတ် ၂၉ ရက်) ဒေသစံတော်ချိန် မနက် ၉ နာရီ ၄၀ မိနစ်ခန့်မှာ စားသောက်ဆိုင်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ဒါဇင်နဲ့ချီ အသက်ရှင်သူတွေကို ကယ်ဆယ်ရေးသမားတွေက အပျက်အစီးများအောက်မှ ဆွဲထုတ်နေခဲ့ကာ အခြား ပျောက်ဆုံးနေသူတွေကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ပြိုကျခဲ့တဲ့ စားသောက်ဆိုင် အဆောက်အအုံဟာ ဘေဂျင်းမြို့ အနောက်တောင်ဘက် ၃၉၁ မိုင်အကွာ Shanxi ပြည်နယ် Xiangfn ဒေသမှာ တည်ရှိကြောင်း သိရပါတယ်။ တရုတ်အစိုးရ သတင်းဌာ Xinhua မှာ ဖော်ပြမှုအရ စားသောက်ဆိုင် ပြိုကျမှုဖြစ်ပွားစဉ် လူ ၄၅ ဦးရှိနေခဲ့ပြီး ၁၇ ဦး သေဆုံးခဲ့ကြောင်း၊ ခုနစ်ဦးဟာ ဒဏ်ရာပြင်းထန်စွာရခဲ့ကာ အခြား ၂၁ ဦးကတော့ ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးသမားတွေက ပြိုကျသွားတဲ့ စားသောက်ဆိုင် အဆောက်အအုံ အပျက်အစီးများထဲမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြတာကို CGTN သတင်းဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ရှာဖွေကယ်ဆယ်ရေးမှာ လူ ၇၀၀ ခန့် ပါဝင်ဆောင်ရွက်နေကြကြောင်း CGTN က ပြောပါတယ်။CCTV ရုပ်မြင်သံကြားသတင်းဌာနက လွှင့်တင်ထားတဲ့ ဗီဒီယိုအရ ကြီးမားတဲ့ ကွန်ကရစ်တုံး အပိုင်းအစတွေကို တွေ့ခဲ့ရပါတယ်။ စားသောက်ဆိုင် အဆောက်အအုံ ပြိုကျရတဲ့ အကြောင်းရင်းကို လတ်တလော အတိအကျ မသိရသေးပါဘူး။
တရုတ်နိုင်ငံမှာ အဆောက်အအုံပြိုကျမှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်း မတော်တဆမှု ဖြစ်ပွားလေ့ရှိပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေက ကုန်ကျစရိတ် သက်သာစေရန် လုပ်ဆောင်ခြင်းနဲ့ ဘေးအန္တရာယ်ကင်းရေး စံချိန်စံညွှန်း၊ စည်းမျဉ်းသတ်မှတ်ချက်တွေကို မလိုက်နာကြခြင်းတို့ကြောင့် အဆောက်အအုံပြိုကျမှုနဲ့ လုပ်ငန်းခွင်မတော်တဆမှုတွေ ဖြစ်ပွားရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။