ကိုရိုဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ လူနာတွေအားလုံးရောဂါသက်သာပျောက်ကင်းသွားတဲ့အတွက် ဆေးရုံက ဆင်းသွားကြပြီလို့ ကျန်းမာရေးအာဏာပိုင်တွေက ယနေ့ ဧပြီလ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဝူဟန်မြို့က လူနာတွေအားလုံး သက်သာသွားကြလို့ ဆေးရုံမှာ တယောက်မှ မကျန်တော့ပါဘူး၊ နိုင်ငံတဝန်းက လာရောက်ကူညီပေးကြတဲ့ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ ယနေ့ ဧပြီလ (၂၆)ရက်ဟာ နောက်ဆုံးသတင်းပေးပို့မှုဖြစ်တယ်” လို့ အမျိုးသားကျန်းမာရေးကော်မရှင် ပြောခွင့်ရသူ မီဖန်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ ဝူဟန်မြို့သည် ယခုအချိန်တွင် ကိုဗစ်လူနာ ကင်းစင်သည့် မြို့တစ်မြို့ ဖြစ်လာပါတယ်။
တရုတ်ပြည်မကြီးမှာ ဧပြီ ၂၅ ရက်က အတည်ပြုလူနာအသစ် ၁၁ ဦးတွေ့ခဲ့ပြီး ဒီထဲက ၅ ဦးဟာ ပြည်ပက ထိတွေ့ကူးစက်ခံရသူတွေလို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားရာ ဝူဟန်မြို့မှာ အတည်ပြုလူနာဦးရေ ၄၆,၄၅၂ ဦးရှိခဲ့ပြီး ၃၈၆၉ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဒါဟာ တရုတ်တပြည်လုံး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ စုစုပေါင်းရဲ့ ၈၄ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။