ထိုင်ဝမ်တွင် အမေရိကန်ဝန်ကြီးရောက်ရှိနေစဉ် ရေလက်ကြားကို တရုတ်ဂျက်တိုက်လေယာဉ်များ ဖြတ်ကျော်ခဲ့

Posted on

ထိုင်ဝမ်နိုင်ငံ၌ အမေရိကန် ကျန်းမာရေးဝန်ကြီးဖြစ်သူ အဲလက်စ်အက်ဇားရောက်ရှိနေစဉ် တနင်္လာနေ့၌ တရုတ်လေတပ်ဂျက်တိုက်လေယာဉ်များသည် ထိုင်ဝမ်က ဒုံးကျည်များဖြင့် ချိန်ရွယ်ထားသည့် ရေလက်ကြား၏ “ ပျမ်းမျှအလယ်မျဉ်း “ ကို ခေတ္တဖြတ်ကျော်ခဲ့သည်ဟု Reuters အား ကိုးကား၍ bdnews24 က ယနေ့ရေးသားသည်။တနင်္ဂနွေနေ့တွင် အမေရိကန်ဝန်ကြီးသည် ထိုင်ဝမ်သို့ရောက်ရှိလာခြင်းဖြစ်ပြီး အမေရိကန်သမ္မ၏ ထောက်ခံအားပေးမှုများကို ပြသရန်အတွက် ဆယ်စုနှစ်လေးခုအတွင်း ထိုင်ဝမ်ရောက် ပထမဆုံးအမေရိကန်အဆင့်မြင့် အရာရှိတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်ဝန်ကြီး ခရီးစဉ်အတွက် သတ်မှတ်ထားခြင်းမရှိသော လက်တုံ့ပြန်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ကြုံးဝါးခဲ့သည့် တရုတ်သည် J-11 နှင့် J-10 ဂျက်တိုက်လေယာဉ်များကို စေလွှတ်၍ ကျဉ်းမြောင်းသော ထိုင်ဝမ်ရေလက်ကြား၏ ထိုင်ဝမ်ဘက်ခြမ်းသို့ ခေတ္တမျှ ဖြတ်ကျော် ပျံသန်းစေခဲ့သည်ဆို၏။ ဒေသစံတော်ချိန် နံနက် ၉-နာရီတွင် ထိုသို့ ဖြတ်ကျော်ခြင်းဖြစ်ပြီး ထိုင်ဝမ်သမ္မနှင့် အမေရိကန်ဝန်ကြီးတို့ တွေ့ဆုံချိန် မတိုင်မီဖြစ်ကြောင်း ထိုင်ဝမ်လေတပ်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။တရုတ်တိုက်လေယာဉ်များကို ထိုင်ဝမ်ကမ်းရိုးတန်းအခြေစိုက် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စခန်းများက ခြေရာခံ သိရှိခဲ့ပြီး ကင်းလှည့်လေယာဉ်များဖြင့် မောင်းထုတ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်သည်။ သို့သော် တရုတ်ဘက်က လောလောဆယ် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိချေ။

ထိုင်ဝမ်အစိုးရ၏ လုံခြုံရေးအစီအစဉ်များအား ကောင်းစွာရင်းနှီးကျွမ်းဝင်သည့် ထိုင်ဝမ်အဆင့်မြင့်အရာရှိတစ်ဦးကမူ တရုတ်က အမေရိကန်ဝန်ကြီး၏ အလည်အပတ်ခရီးစဉ်အား ပစ်မှတ်ထားရာ၌ ဒုံးကျည်များလက်လှမ်းမီ နိုင်သည့် အကွာအဝေးအထိ တိုက်လေယာဉ်များ စေလွှတ်ခြင်းမှာ အလွန်အန္တရာယ်များကြောင်း၊ တရုတ်နှင့် ထိုင်ဝမ်အကြား ပျမ်းမျှအလယ်မျဉ်း အား ဖြတ်သန်း၍ ယခုကဲ့သို့ ကျူးကျော်ဝင်ရောက်ခြင်းမှာ ၂၀၁၆-ခုနှစ် နောက်ပိုင်း ၃-ကြိမ်မြောက်ဖြစ်ကြောင်း ပြောဆိုသည်။တရုတ်-အမေရိကန်ဆက်ဆံရေး ဆိုးရွားစွာ ယိုယွင်းနေသည့်ကြားမှပင် ဒေါ်နယ်ထရမ့်အစိုးရသည် ဒီမိုကရေစီ ထိုင်ဝမ်နိုင်ငံအပေါ် ထောက်ခံမှု ခိုင်မာအောင် အားထုတ်လျှက်ရှိပြီး လက်နက်ရောင်းချမှုကို တိုးမြှင့်ခဲ့သည်။ ၁၉၇၉ ကမူ အမေရိကန်သည် မော်စီတုန်းအစိုးရ၏ ထောက်ခံချက်ဖြင့် ထိုင်ဝမ်အစိုးရနှင့် တရားဝင်ဆက်ဆံမှု ကို ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။

အမေရိကန်ဝန်ကြီးသည် စီးပွားရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရန်နှင့် ကိုရိုနာဗိုင်းရပ်စ်အသစ်ကို တိုက်ဖျက်ရာ၌ နိုင်ငံတကာ၏အခန်းကဏ္ဍတို့ကို ပံ့ပိုးရန် ထိုင်ဝမ်သို့ လာရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ထိုင်ဝမ်သည် ကုလသမဂ္ဂကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အဖွဲ့ဝင်နိုင်ငံမဟုတ်ပေ၊ ထိုင်ဝမ်သည် တရုတ်ပြည်မကြီး၏ အစိတ်အပိုင်းတစ်ခုသာလျှင်ဖြစ်သည်ဟု ခံယူထားသော တရုတ်၏ ကန့်ကွက်မှုကြောင့်ဖြစ်သည်။ သို့သော် WHO ၏ နိုင်ငံတကာကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးဆုံးဖြတ်သည့် “ ကမ္ဘာ့ကျန်းမာရေး ညီလာခံ “ WHA သို့မူ တက်ရောက်ခွင့် ရရှိရန် အမေရိကန်က ထောက်ခံခဲ့သည်။ ဒေါ်နယ်ထရမ့်အစိုးရ ကိုယ်တိုင်မှာလည်း အဖွဲ့ကြီးတွင် ပြုပြင်ပြောင်းလဲရန် စွမ်းဆောင်နိုင်ခြင်းမရှိဟုဆိုကာ WHO မှ နှုတ်ထွက်ရန် ပြောဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *