ထိုင်ဝမ်နဲ့စကားပြောဖို့ တရုတ်ဆီကခွင့်ပြုမိန့်တောင်းဖို့ မလိုဘူးဟု အမေရိကန်ပြော

Posted on

(“one china policy” ကို ဖျက်ပစ်ဖို့ဥပဒေကြမ်းတင်ပြီး ထိုင်ဝမ်နဲ့ သံတမန်ပုံမှန်ဆက်ဆံရေး လုပ်ဖို့ ကွန်ဂရက်အမတ်က လွှတ်တော်ကို တင်ပြီ) “ထိုင်ဝမ်နဲ့စကားပြောဖို့ အမေရိကန်ဟာ တရုပ်ကွန်မြူနစ်ပါတီဆီကခွင့်ပြုပါမစ် ယူစရာမလိုဘူး” လို့ပြောလိုက်ပါသတဲ့။ ၁၆/၉/၂၀၂၀ နေ့မှာကွန်ဂရက်လွှတ်တော်အမတ် Tom Tiffany ဟာ အမေရိကန်နိုင်ငံအနေနဲ့ တရုပ်တစ်နိုင်ငံထဲသောမူဝါဒ one china policy ကို အဆုံးသတ်ဖို့ နဲ့ ထိုင်ဝမ်နိုင်ငံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လုပ်ဖို့ လွှတ်တော်ကို စတင်တင်ပြလိုက်ပါတယ်။ အမေရိကန်ထိုင်ဝမ်လွတ်လပ်စွာကုန်သွယ်ရေး သဘောတူ စာချုပ်ချုပ်ဆိုဖို့ညှိနှိုင်းရေးကိုစတင်ဖို့ကိုပါ တင်ပြလိုက်ပါတယ်။

ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ တစ်ဖ်နီက ၁၉၇၉မတိုင်မီ ခုနှစ်များဆီကို ပြန်အစဖော်ခဲ့ပါတယ်။ အဲ့သည်အချိန်တွေတုန်းက အမေရိကန်နဲ့ထိုင်ဝမ်ဟာ ပုံမှန်သံတမန်ဆက်ဆံရေးတွေရှိခဲ့ကြပါတယ်။အဲ့သည်လိုနေရင်းကနေ သမ္မတဂျင်မီကာတာဟာ ဥပဒေအတည်ပြုချက်တွေမရယူခဲ့ဘဲနဲ့ ရုတ်ချည်းဆိုသလို ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေးကို ဖြတ်ချခဲ့တယ်။ ထိုင်ဝမ်ကိုဖြတ်ပြီး ဘေဂျင်းတရုပ်ကွန်မြူနစ်ပါတီအစိုးရကို အသိအမှတ်ပြုခဲ့တယ်။တစ်ဖ်နီ ရဲ့တင်ပြချက်ထဲမှာပါတဲ့အကြောင်းတွေကတော့ ထိုင်ဝမ်နဲ့အမေရိကန်သံတမန်ပြန်ဆက်ဆံဖို့ ၂နိုင်ငံအပြန်အလှန်ပုံမှန်ဆက်ဆံဖို့အတွက်ကြားခံနေတဲ့ကန့်သတ်ချက်တွေကိုပယ်ဖျက်ဖို့ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်နိုင်ဖို့ညှိနှိုင်းရေးစတင်ဖို့ ထိုင်ဝမ်အနေနဲ့ ကုလသမဂ္ဂနဲ့အခြားနိုင်ငံတကာအဖွဲ့အစည်းတွေကိုအဖွဲ့ဝင်အဖြစ်ဝင်ရောက်နိုင်ရေး ​​ထောက်ခံဖို့ စတာတွေပါဝင်နေပြီး ဘေဂျင်းအစိုးရကို ​​ပြောင်ပြောင်တင်းတင်း အာခံလိုက်တဲ့သတင်းစကားကိုပါ ထည့်သွင်းပြောခဲ့ပါတယ်။

” အမေရိကန်ဟာ ကမ္ဘာတလွှားကသူ့မိတ်ဆွေတွေနဲ့ စကားပြောဖို့ တရုပ်ကွန်မြူနစ်ပါတီဆီက ခွင့်ပြုချက်ပါမစ်စာရွက် မလိုဘူး ” ဆိုတာပါပဲ။ one china policy ဆိုတဲ့စကားလုံး နဲ့တရုပ်ဟာ အမေရိကန်နဲ့ ထိုင်ဝမ်ကိုနှစ်ပေါင်းများစွာနှုတ်ဆိတ်နေစေခဲ့ပါတယ်။ Tiffany ရေးသားတင်ပြထားတာမှာ ” အမေရိကန်တွေအနေနဲ့ ကြက်တူရွေးစာအံသလို one china one china လုပ်နေတာရပ်ရမယ့်အချိန် ရောက်ပြီ ထိုင်ဝမ်ဟာလွတ်လပ်တယ်၊ ဒီမိုကရက်တစ်နိုင်ငံဖြစ်တယ်၊ လွတ်လပ်တယ်ဆိုတဲ့ အမေရိကန်တို့ရဲ့ပေါ်လစီကိုထင်ဟပ်ပြရမယ်”။ အစ္စရေးတို့ရဲ့ အာရပ်တွေနဲ့ သံတမန်ဆက်ဆံရေးပုံမှန်ဆက်ဆံရေးလုပ်နိုင်ခဲ့တာတွေကို တစ်ဖ်နီက သာဓကပြခဲ့ပြီး ” ယူအေအီးနဲ့ဘာရိန်းတောင် အစ္စရေးနဲ့ ပုံမှန်သံတမန်ဆက်ဆံရေး သဘောတူစာချုပ် ချုပ်နိုင်သေးတာ ကျွန်​​တော်တို့လည်းထိုင်ဝမ်နဲ့ကြံ့ကြံ့ခံလာခဲ့တဲ့ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် လုပ်နိုင်ရမှာပေါ့ ” လို့ပြောခဲ့ပါတယ်။

ခုနှစ်ထဲမှာပဲ အမေရိကန်တို့ဟာ ထိုင်ဝမ်ကို WHO တက်ခွင့်ရဖို့ တော်တော်လုံးပမ်းခဲ့တယ်။ ကျန်းမာရေးဝန်ကြီးတိုင်ပေသွားတယ်။ ချက်နိုင်ငံကလည်း လွှတ်တော်ဥက္ကဌသွားတယ်။ အခုလက်ရှိ အမေရိကန်စီးပွားရေးဒုဝန်ကြီးသွားတယ်။ ကာကွယ်ပေးမယ်လို့ပြောတယ်။ လေယာဉ်တွေနဲ့ ပြုပြင်ရေးစက်ရုံတွေပေးတယ်။ လက်နက်ရောင်းတယ်။ အများအပြားထပ်ရောင်းဖို့ ဆွေးနွေးနေတယ်။ ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောတွေ ဖြတ်မောင်းတယ်။နောက်ကိုလည်းထပ်သွားကြလာကြမယ့်ပုံရှိနေသေးတယ်။ သွားတာလာတာ များလာရင် မဆန်းတဲ့ကိစ္စဖြစ်လာမယ်။ မြင်ဖန်များတော့ပြယ် ဆိုတာဖြစ်လာအောင်လုပ်လာနေတဲ့သဘောပါပဲ။

ရိုးစင်းတဲ့ ဝိုင်းပါတ် ထိုးနှက်ခြင်းတွေပါ။ အခု လွှတ်တော်မှာ ဥပဒေကြမ်းတင်ပြီ။ အတည်ဖြစ်လာမလား ကြည့်ရပါမယ်။ အမေရိကန်တရုပ်တင်းမာမှုကနေ ထိုင်ဝမ်လွတ်လပ်ရေးရသွားနိုင်တယ်လို့ သုံးသပ်ခဲ့ဖူးပါတယ်။ ထိုင်ဝမ်နိုင်ငံသံရုံးတွေများလာတော့မလား ?

Leave a Reply

Your email address will not be published. Required fields are marked *