ရန်ကုန်မြစ်အတွင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ပိုင်းက ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်ဆိပ် ဒလဘက်ကမ်း၌ ချယ်ရီ(၁)သင်္ဘော ထွက်ခွာစပြုနေစဉ် အမျိုးသမီးတစ်ဦး သင်္ဘောပေါ်မှ ဆိပ်ခံ ဗောတံတားပေါ်သို့ ပြန်လည် ခုန်တက်မှုကြောင့် မြစ်အတွင်း ခြေချော်ပြုတ်ကျမှု ဖြစ်ပွားခဲ့သည်။
ရေထဲသို့ပြုတ်ကျသွားသည့်အမျိုးသမီးမှာ အသက် ၄၀ နှစ်ဝန်းကျင်ရှိကာ မွန်ပြည်နယ်ရေးမြို့ဒေသခံဖြစ် ကြောင်းသိရသည်။ သင်္ဘောပေါ်ရောက်ပြီးနောက် သူမ၏အဖော်ဖြစ်သူမှာ ကမ်းပေါ်တွင် ကျန်ခဲ့သည့်အတွက် ကမ်းမှထွက်ခါစသင်္ဘောပေါ်မှ တံခါးကိုဖွင့်ကာ ကမ်းပေါ်သို့ပြန်တက်ခဲ့စဉ် ရေထဲသို့ပြုတ်ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါ အမျိုးသမီးအား ချယ်ရီ(၁) ရေယာဉ်မှူး (ရေယာဉ်အုပ်-၃) ဦးမြင့်အေး က သင်္ဘောဦးခန်း တက်မစင် အပေါ်ဆုံးထပ်မှ မြစ်တွင်းသို့ ခုန်ချပြီး ကယ်ဆယ် နိုင်ခဲ့ခြင်းကြောင့် ၎င်းအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဒလမြို့နယ် မြို့နယ်သယ်ယူပို့ဆောင်ရေးနှင့် ပင်မမော်တော်ယာဉ် ကြီးကြပ်မှုအသင်း ရှေ့၌ ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် အသင်းဝင်များ၊ တွံတေးမြို့မှ အလှူရှင် ဦးချစ်တီး (ချစ်တီးရွှေဆိုင်+ဒေါ်ပုရွှေဆိုင်) တို့ မှ အလှူငွေကျပ် (၃) သိန်း နှင့် ဂုဏ်ပြုမှတ်တမ်းအား ရေယာဉ်မှူး ဦးမြင့်အေးထံ ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေး၊ အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။