ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ကြားမှု ရဲအရေးမပိုင်တဲ့အတွက် ဆောင်ရွက်ပေးလို့မရ

Posted on

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လူ ၃၀ ဦးနဲ့အထက် ပိုပြီးမစုဝေးရဆိုတဲ့ဒေသန္တရအမိန့်ကို ချိုးဖောက်တယ်ဆိုပြီး နေပြည်တော်လယ်ဝေးဒေသခံ ဦးညီညီခေါ် ဦးထွန်းမြင့်အောင်က သြဂုတ်လ ၂၅ ရက်မှာ ဇဗ္ဗူသီရိမြို့မရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်။ဒါပေမဲ့ ဒီတိုင်ကြားချက်ဟာ ရဲအရေးမပိုင်တဲ့အမှုဖြစ်တဲ့အတွက် ဆောင်ရွက်ပေးလို့မရကြောင်းနဲ့ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေဟာ ရဲအရေးမပိုင်ဘူးလို့ တိုင်ကြားသူကိုရှင်းပြခဲ့ကြောင်း၊ တိုင်ကြားသူဘက်ကလည်း စခန်းက ရှင်းပြမှုကို လက်ခံကြောင်း ဇဗ္ဗူသီရိအမှတ် ၁ ရဲစခန်းက ဒုရဲမှူးမိုးအောင်က ဘီဘီစီကို ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တိုင်ကြားသူ ဦးညီညီကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်က နေပြည်တော်၊ ရွှေကြာပင်ရပ်ကွက်အတွင်းက NLD ပါတီဝင်တွေရဲ့နေအိမ်တွေကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။အဲဒီလိုတွေ့ဆုံမှုမှာ ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့လည်း ပါဝင်ပါတယ်။ဒီလိုပါတီဝင်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ရာမှာ လူ ၃၀ ဦးနဲ့အထက် မစုစည်းရဆိုတဲ့ ဒေသန္တရအမိန့်ကို ချိုးဖောက်တယ်ဆိုပြီး ဦးထွန်းမြင့်အောင်က ခုလိုတိုင်ကြားတာဖြစ်ပါတယ်။ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ သြဂုတ် ၂၁ ရက်မှာ ခုလိုရေးသားခဲ့ပါတယ်။

“၁၉ ရက်နေ့က၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ခွင့်ပြုချက် တောင်းပြီး နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်နေအိမ်အချို့ကို သွားရောက်ခဲ့ပါတယ်။ ပါတီ တာဝန်များအရဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများနဲ့အညီ၊ လူ (၃၀)ထက် မပိုဖို့၊ Mask ဝတ်ဆင်ဖို့ စသဖြင့် ကိုက်ညီစွာ ပြင်ဆင်ဖို့ စီစဉ်ခဲ့ပါတယ်။အဖွဲ့ချုပ်ဝင်တွေရဲ့အိမ်အတွင်း၊ ရပ်ကျေးပါတီရုံးအတွင်း၊ ဒီလို စီစဉ်ထားနိုင်ပေမဲ့ အိမ်ပြင်၊ လမ်းပေါ်က ကြိုဆိုတဲ့ ပြည်သူတွေကိုတော့ စီမံခန့်ခွဲဖို့ခက်တဲ့ပြဿနာနဲ့ ရင်ဆိုင်ရပါတယ်။

ပြည်သူ့ထောက်ခံအားပေးမှုဆိုတာ လွန်စွာ တန်ဖိုးထားသင့်၊ ထားရတဲ့အရာပါ။ ပြည်သူကို ဗဟိုပြု၊ လေးစားခြင်းကို ယုံကြည်တော့ ပြည်သူတွေကြိုဆိုတာကို ကျေးဇူးတရားနဲ့သာ ရှုမြင်ရပါတယ်။ ကျွန်မ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးရှု့ထောင့် ကလည်း ကျွန်မ တကယ်ပဲ စိုးရိမ်မိပါတယ်။ ကျွန်မတို့ပြည်သူတွေရဲ့ ကျန်းမာရေးဟာ အတိုင်းအဆမရှိ အရေးကြီးလှပါတယ်။ သတိထား ကြစေချင်ပါတယ်။ ကျွန်မလည်း သတိထားပြီး အသွားအလာ စီစဉ်ရပါမယ်” လို့ရေးသားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *