နာမည်ကျော်စူပါဟီးရိုးရုပ်ရှင်် Black Panther ရုပ်ရှင်ဇာတ်ကားရဲ့သရုပ်ဆောင် ချာ့ဒ်ဝစ်ဘို့စ်မန်က သူရဲ့လော့စ်အိန်ဂျလိစ်မြို့ကနေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ဘို့စ်မန်က လွန်ခဲ့တဲ့လေးနှစ်ကတည်းက အူမကြီးကင်ဆာရောဂါခံစားနေခဲ့ရတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ သူ့အသက်က ၄၃ နှစ်ဖြစ်ပါတယ်။သူရဲ့အိမ်မှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူရဲ့နောက်ဆုံးအချိန်မှာ ဇနီးနဲ့မိသားစုတွေက သူရဲ့အနားမှာရှိပေးနေခဲ့ပါတယ်လို့ သူရဲ့ကိုယ်စားလှယ်ဖြစ်သူ နစ်ကီဖီရောရာဗန်တီက ပြောကြားခဲ့ပါတယ်။
သရုပ်ဆောင်သက်တမ်းတလျှောက် ဘို့စ်မန်းဟာ အမေရိကရဲ့ လူမျိုးရေး ခွဲခြားမှုတွေကို ချိုးဖျက်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကောင် နေရာအများအပြားကနေ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။သူကတကယ့်ဖိုက်တာအစစ်ဖြစ်ပြီး အခက်အခဲတွေအားလုံးကိုဖြတ်ကျော်ရင်း ပရိသတ်တွေအရမ်းကိုနှစ်ခြိုက်အားပေးကြတဲ့ ရုပ်ရှင်တွေအများကြီးကို ရိုက်ကူးပေးနိုင်ခဲ့ပါတယ်လို့ ကျန်ရစ်သူမိသားစုက ဆိုပါတယ်။
Marshall ကနေ Da 5 Bloods ထိ ၊ August Wilsons ရဲ့ Ma Rainey’s Black Bottom နဲ့ နောက်ထပ်ရုပ်ရှင်တွေအများအပြားကိုပါ သူရဲ့မရေမတွက်နိုင်တဲ့ခွဲစိတ်မှုတွေနဲ့ ကင်ဆာဆေးသွင်းမှုတွေပြုလုပ်နေရချိန်အတောအတွင်းမှာပဲ ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။သူရဲ့သရုပ်ဆောင်မှုနဲ့ Black Panther ထဲက ဘုရင်ကြီး T’Challa ကို အသက်သွင်းပုံဖော်ပေးနိုင်ခဲ့တာကို သူကဂုဏ်ယူမဆုံးဖြစ်ခဲ့ပါတယ်လို့ ၎င်းရဲ့မိသားစုက ဆိုပါတယ်။ဘို့စ်မန်က သူရဲ့ကင်ဆာရောဂါကုသနေရမှုအကြောင်းကို လူသိရှင်ကြားထုတ်ဖော်အသိမပေးခဲ့ပါဘူး။ သူဟာ တောင်ကာရိုလိုင်းနားမှာ မွေးဖွားခဲ့သူဖြစ်ပြီး Howard တက္ကသိုလ်ကဘွဲ့ရခဲ့သူပါ။
ဘွဲ့ရပြီးနောက်ပိုင်း ဇာတ်ရံခန်းတွေမှာ အတော်များများသရုပ်ဆောင်ခဲ့ရပြီး ၂၀၁၃ ခုနှစ်မှာတော့ 42 ဆိုတဲ့ရုပ်ရှင်ကားမှာ မင်းသားဟာရီဆင်ဖို့ဒ်နဲ့အပြိုင် ဘေ့စ်ဘောကြယ်ပွင့်ဂျက်ကီရော်ဘင်ဆင်အနေနဲ့ အဓိကသရုပ်ဆောင်နေရာကနေ သရုပ်ဆောင်ခွင့်ရခဲ့ပြီး ဟောလီဝုဒ်မှာ လူသိများထင်ရှားလာခဲ့တာဖြစ်ပါတယ်။မေဂျာလိဂ်ဘေ့စ်ဘောကနေ ဂျက်ကီရော်ဘင်ဆင်နေ့အဖြစ် အထိမ်းအမှတ်ကျင်းပပေးတဲ့နေ့မှာပဲ ဘို့စ်မန်က တိုက်တိုက်ဆိုင်ဆိုင် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
သူရဲ့ T’Challa ဇာတ်ရုပ်ကို အထူးအောင်မြင်ကျော်ကြားတဲ့ ၂၀၁၆ခုနှစ်ထွက် Marvel ရုပ်ရှင်ဖြစ်တဲ့ Captain America: Civil War မှာ ပထမဆုံးမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက Black Panther ရုပ်ရှင်ထွက်ရှိလာပြီးတဲ့နောက်ပိုင်းမှာလည်း Wakanda Foreverဆိုတဲ့ သူ့ဇာတ်ကောင်ရဲ့အထင်ကရကြွေးကြော်သံကလည်း ကမ္ဘာတဝန်းလုံးမြည်ဟည်းသွားသလိုမျိုး အောင်မြင်ရေပန်းစားခဲ့တာဖြစ်ပါတယ်။ချာ့ဒ်ဝစ်ကွယ်လွန်မှုနဲ့ပတ်သက်လို့ သူရဲ့ပရိသတ်တွေနဲ့ အနုပညာအသိုင်းအဝိုင်းကအတော်များများကလည်း ဝမ်းနည်းစိတ်မကောင်းတဲ့အကြောင်း ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေးသားဖော်ပြနေကြပါတယ်။