ကိုရိုနာဗိုင်းရပ်စ်အရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေအပေါ် UN က အရေးယူဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့တောင်းဆိုမှုကြောင့် ယဉ်ကျေးမှုချင်း တိုးတိုက်မိမယ့် အန္တရာယ်ရှိနေပြီလို့ တရုတ် သမ္မတရှီကျင့်ဖျင်က တုန့်ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေ အပေါ် တရုတ်တို့ တာဝန်ယူလာစေရေး ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ လိုတယ် လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အင်္ဂါနေ့က ကုလသမဂ္ဂနှစ်ပတ်လည်ညီလာခံကို ပို့တဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားလိုက်ပါတယ်။ကိုရိုနာဗိုင်းရပ်စ်စတင်ကူးစက်ချိန်၊ US မှာ ပြည်တွင်းခရီးသွားလာမှု ပိတ်ပင်ထားချိန်မှာ တရုတ်ဟာ သူ့နိုင်ငံထဲက လေယာဉ်တွေထွက်ခွာခွင့်ပြုခဲ့ပြီး တစ်ကမ္ဘာလုံးကို ရောဂါကူးစက်စေခဲ့တယ်၊ တရုတ်နိုင်ငံသားတွေကိုတော့ အိမ်ထဲနေခိုင်း ထားပြီး အမေရိကန်က နိုင်ငံထဲ တရုတ်လေယာဉ် အဝင်မခံတာကို အပြစ်တင်ခဲ့တယ်။
တရုတ်အစိုးရနဲ့ WHO ပေါင်းပြီး ဗိုင်းရပ်စ်ဟာ လူလူချင်း မကူးစက်ဘူးလို့ ကြေညာခဲ့တယ်၊ ဒါကြောင့် တရုတ်အနေနဲ့ သူ့လုပ်ရပ်သူတာဝန်ယူဖို့ ကုလသမဂ္ဂက လုပ်စေစေချင်တယ်လို့ သမ္မတထရမ့်က ကြိုတင်အသံဖမ်းထားတဲ့ မိန့်ခွန်းနဲ့ ကုလအထွေထွေညီလာခံမှာ စက်တင်ဘာ ၂၂ ရက်က ပြောခဲ့ပါတယ်။ကွဲပြားမှုတွေ ကျဉ်းမြောင်းသွားအောင် ဆက်လက်ညှိနှိုင်းခြင်းနဲ့ အငြင်းပွားမှုတွေ ဖြေရှင်းဖို့ ဆက်လုပ်မယ်၊ zero sum game တော့ စိတ်မဝင်စားဘူး၊ ကမ္ဘာ့ရေးရာတွေကို လွှမ်းမိုးဖို့နဲ့ တခြားသူတွေရဲ့ ကံကြမ္မာကို ထိန်းချုပ်ဖို့ အခွင့်အရေး ဘယ်နိုင်ငံမှာ မရှိဘူးလို့ သမ္မတရှီကျင့်ဖျင်ကလည်း အသံသွင်းမိန့်ခွန်း ပေးပို့ တုန့်ပြန်ခဲ့ပါတယ်။
ကပ်ရောဂါကို နိုင်ငံရေးအတွက် အသုံးချဖို့ ကြိုးပမ်းနေတာတွေကို ပယ်ချသင့်ပြီး ဗိုင်းရပ်စ်တိုက်ဖျက်ရေး နိုင်ငံတကာက ကြိုးပမ်းမှုကို WHO ကသာ ဦးဆောင်သင့်တယ်လို့လည်း ရှီကပြောဆိုခဲ့ပါတယ်။ဗိုင်းရပ်စ်အရေး တရုတ်တာဝန်ယူဖို့ ထရမ့်ပြောတာဟာ သမ္မတရွေးကောက်ပွဲမတိုင်ရင် ရက် ၄၀ အလိုမှာ ဖြစ်ပြီး အမေရိကန်မဲဆန္ဒရှင်တွေကို ပစ်မှတ်ထားမဲဆွယ်တာလို့ ဝေဖန်မှုတချို့လည်း ရှိပါတယ်။
ကုလညီလာခံကိုဖွင့်လှစ်ပေးခဲ့တဲ့ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူးတားရက်စ်ကတော့ အမေရိကန်နဲ့ တရုတ်ကို နာမည်မတပ်ဘဲ စစ်အေးတိုက်ပွဲအသစ် မဖြစ်အောင် ရှောင်ရှားဖို့ အရာအားလုံးမဖြစ်မနေ လုပ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်ရာမှာ ကိုယ်ကျိုးစီးပွားအတွက် နေရာမရှိ၊ အများကြိုက်ဝါဒနဲ့ အမျိုးသားရေးဝါဒက ကျဆုံးမှာဖြစ်ပြီး ဒီလိုချဉ်းကပ်နည်းတွေက အခြေအနေကို ပိုဆိုးစေလိမ့်မယ်လို့လည်း မစ္စတာ ဂူတာရက်စ်က သတိပေးခဲ့ပါတယ်။