ဘယ်ကကူးမှန်းမသိတဲ့ အင်းစိန်က (၃) ဦးအနက် ယာဉ်မောင်းတစ်ဦး နှင့် အရောင်းစာရေးတစ်ဦး ပါဝင်

Posted on

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၃၀ ရက်) နံနက် ၈ နာရီနာရီထုတ်ပြန်ချက်တွင် ပါဝင်လာသော ကိုဗစ်အတည်ပြု လူနာ (၃) ဦးတွင် ယာဉ်မောင်းတစ်ဦးနှင့်အရောင်း စာရေးလုပ် ကိုင်နေသူတစ်ဦး ပါဝင်ပြီး ကျန်တစ်ဦးမှာ အိမ်ယာမဲ့ဖြစ်ကာ ရပ်ကွက် ကင်းတဲတွင် နေထိုင်သူ ဖြစ်ကြောင်း တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က အတည်ပြုသည်။

ကိုဗစ်လူနာအမှတ် (၇၄၀) အသက် ၂၄ နှစ်အရွယ် အမျိုးသမီးသည် ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးပေါ်တွင် နေထိုင်သူဖြစ်ပြီး၊ လူနာအမှတ် (၇၄၂) အသက် ၂၅ နှစ်အရွယ်နှင့် လူနာအမှတ် (၇၄၃) အသက် ၄၅ နှစ်အရွယ် အမျိုးသားနှစ်ဦးမှာ အောင်ဆန်းရပ်ကွက်၊ သစ္စာဝါဒီလမ်းတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

“အမျိုးသားတစ်ဦးက ကုမ္ပဏီတစ်ခုမှာ ကားမောင်းတယ်လို့ပြောတယ်။ ကောင်မလေးကတော့ ဆိုင်တစ် ဆိုင်မှာ အရောင်းစာရေးမပေါ့။ တစ်ယောက်က အိမ်ခြေမဲ့ဆိုတာက အိုးပိုင် အိမ်ပိုင် မရှိဘူးပေါ့ ။ ကင်းတဲမှာ နေတဲ့ တစ်ယောက် ပေါ့နော်။ သူတို့က ရက်ပိုင်းအတွင်းမှာ အင်းစိန်ဆေးရုံကို ရောက်လာကြတာဖြစ်ပြီး စောင့်ကြည့်လူနာ အဖြစ်နဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်” ဟု ဦးဝေဖြိုးဟန်က ပြောသည်။

အဆိုပါ ကိုဗစ်အတည်ပြု လူနာများသည် ပြည်ပသို့ ခရီးသွားလာမှု ရာဇဝင်မရှိ ၊ ရောဂါပိုးရှိသူ နှင့် ဆက်စပ်မှုများ မရှိဘဲ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာများ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ပိုးတွေ့နေထိုင်သူများ၏ လမ်းသွယ်နှင့် ဆိုင်အား Lock down ပြုလုပ်ခဲ့ပြီး အင်းစိန်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် စူပါဆန်ဒေးပါရဟိတအဖွဲ့တို့မှ ပိုးသတ်ဆေးဖြန်းခြင်းများလုပ်ဆောင်ခဲ့ကြောင်း မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များရုံး၊ အင်းစိန်မြို့နယ်(ပြန်ကြားရေး)၏ ထုတ်ပြန်ချက်အရသိရသည်။လက်ရှိတွင် ထိုကိုဗစ်အတည်ပြုလူနာများ နှင့် ဆက်စပ်သူများကို စာရင်းပြုစုထားသည့်မှာ ၃၀ ဦးခန့် ရှိပြီး တိုင်းကျန်းမားရေးဌာန အစီအစဉ်ဖြင့် ကွာရတင်းစင်တာ ပို့ဆောင်သွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *