ဘရားဇီးသမ္မတက သာမန်တုပ်ကွေးပါဟု ဆိုနေချိန် ဧရာမသင်္ချိုင်းကြီး၏ ဓာတ်ပုံများထွက်ပေါ်လာ

Posted on

ဘရာဇီးသမ္မတ Jair Bolsonaro က COVID-19 ကို သာမာန်တုပ်ကွေးတစ်ခုလိုဆိုနေချိန်မှာ ဘရာဇီးနိုင်ငံက ကိုဗစ်လူနာတွေကိုမြှုပ်နှံနေတဲ့ ဧရာမသင်္ချိုင်းကြီးရဲ့ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့တယ် လို့ သိရပါတယ်။Amazonas ပြည်နယ် Manaus မြို့က Parque Taruma သင်္ချိုင်းကဓာတ်ပုံတွေဟာ COVID-19 နဲ့ပတ်သက်ပြီး ဘရာဇီးနိုင်ငံရင်ဆိုင်နေရတဲ့အခြေအနေကို ပြသနေပါတယ်။ Amazonas ပြည်နယ်မှာ ပျမ်းမျှအားဖြင့် တစ်ရက်ကို လူသေအလောင်းအများဆုံး ၁၂၀ လောက်ကို မြှုပ်နှံပေးနေရတာပါ။သင်္ချိုင်းမှာ လာရောက်မြှုပ်နှံတဲ့အခါ မိသားစုဝင် (၅) ဦးသာဝင်ခွင့်ပေးပြီး တစ်ဦးနဲ့ တစ်ဦးသတ်မှတ်အကွာ အဝေးရှိဖို့လည်း စည်းကမ်းထုတ်ပြန်ထားပါတယ်။

မြို့တော်ဝန် Arthur Virgilo က “ဒီနေ့မြှုပ်နှံပေးခဲ့တဲ့သေဆုံးသူ ၁၀၆ ဦးမှာ ၃၆ ဒသမ ၅ ရာခိုင်နှုန်းက အိမ်မှာနေရင်း သေဆုံးခဲ့တဲ့လူတွေပါ” လို့ ဧပြီလ ၂၂ ရက်မှာ ဆိုခဲ့ပါတယ်။ဧပြီလ ၂၃ ရက်အထိ ဘရာဇီးနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၄၆၁၈၂ ဦးနဲ့သေဆုံးသူ ၂၉၂၄ ဦးရှိနေပြီ ဖြစ်ပါတယ်။ ဘရာဇီးသမ္မတ Jair Bolsonaro ကို Lockdown ဆန့်ကျင်ဆန္ဒပြပွဲမှာ ချောင်းဆိုးနေတာ မြင်တွေ့ခဲ့ရပေမယ့် သူ့အတွက် ရောဂါကူးစက်ခံရရင်တောင် ဘာမှမဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။ရုပ်သံတီဗီကထုတ်လွှင့်ခဲ့တဲ့မိန့်ခွန်းမှာ ဘရာဇီးသမ္မတ Jair Bolsonaro က “ကျုပ်က အားကစားလုပ်ခဲ့တဲ့သူမို့လို့ ရောဂါကူးစက်ခံရရင်တောင် ဘာမှစိုးရိမ်စရာမရှိပါဘူး။ သာမန်တုပ်ကွေးလောက်ပဲ ခံစားရမှာပါ။ ကျုပ်တို့တွေ ပုံမှန်အတိုင်းပြန်လည်ပတ်သင့်ပါတယ်။ တချို့နိုင်ငံတွေမှာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ပိတ်ဆို့တယ်၊ စီးပွားရေးလုပ်ငန်းတွေပိတ်တယ်၊ တစ်နိုင်ငံလုံးကို ပိတ်ဆို့ထားကြ တယ်။ ကျုပ်အမြင်မှာတော့ ရောဂါထက် ဆေးရဲ့ဆိုးကျိုးတွေက ပိုဆိုးနေမှာပဲကြောက်မိပါတယ်” လို့ ဆိုခဲ့ပါတယ်။

ဘရာဇီးနိုင်ငံမှာ စစ်တမ်းကောက်ယူမှုတစ်ခုအရတော့ ဘရာဇီးနိုင်ငံသားအများစုက သမ္မတ Jair Bolsonaro နဲ့ သဘောထားကွဲလွဲနေပြီး အိမ်ထဲမှာနေခိုင်းဖို့အမိန့်တွေသာ ထုတ်ပြန်စေချင်နေကြပါတယ်။ဘရာဇီးသမ္မတဟာ ဧပြီလ ၂၀ ရက်ကလည်း Brasilia မြို့က စစ်ဌာနချုပ်ရှေ့မှာ လူပေါင်း ၆၀၀ လောက်ပါဝင်ခဲ့တဲ့ Anti-Lockdown ဆန္ဒပြပွဲကိုတက်ရောက်ခဲ့ပါတယ်။ လူထုကိုမိန့်ခွန်းပြောတဲ့ အခါမှာလည်း ချောင်းဆိုးနေပေမယ့် မျက်နှာဖုံးမတပ်ထားတာ မြင်တွေ့ရပါတယ်။ဘရာဇီးနိုင်ငံရဲ့လူဦးရေ ၁၃ သန်းလောက်က ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်ကြတာဖြစ်ပြီးတော့ လူမစုဝေးရစည်းမျဉ်းကိုလိုက်နာဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးပါးဖြစ်နေသလို အခြေခံမိလ္လာစနစ်တောင် မရှိကြပါဘူး။လက်ရှိမှာ COVID-19 နဲ့ပတ်သက်လို့ ဘရာဇီးသမ္မတရဲ့မူဝါဒတွေဟာ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ်။ ကပ်ရောဂါတိုက်ဖျက်ရာမှာ အမြင်မတူတဲ့ ကျန်းမာရေးဝန်ကြီး Luiz Henrique ကိုလည်း ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ဘရာဇီးသမ္မတ Jair Bolsonaro ကိုထောက်ခံခဲ့ဖူးသူတစ်ဦးကတော့ “ကျုပ်တို့ခေါင်းဆောင်၊ ကျုပ်တို့သမ္မတရဲ့လုပ်ရပ်တွေဟာ စိတ်အေးစေဖို့နေနေသာသာ ပိုပြီးထိန့်လန့်ချောက်ချားမိပါတယ်” လို့ ဆိုခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *