ဘာသာမဲ့တွေက ပေါ်ပင်ကောင်တွေလို့ ပြောလိုက်တဲ့ ယုန်လေး

မြန်မာရုပ်ရှင်နယ်ပယ်မှာ ခပ်ကြမ်းကြမ်းဇာတ်ကောင်တွေ ရိုက်ပြီး ပရိသတ်တွေ အားပေးမှုကို အများအပြားရရှိထားတဲ့ အဆိုတော် ယုန်လေးက ဘာသာရေးအပေါ် အခြေခံပြီး အမြင်တွေကွဲလွဲနေတာနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပါတယ်။ ဘာသာမဲ့လို့ပြောနေတဲ့ သူတွေကို ပေါ်ပင်ကောင်တွေလို့ပဲ မြင်တယ်ဟု ပြောခဲ့ပြီး ဒုက္ခရောက်လာရင်တော့ ဘုရားကိုတကြတာကြီးပဲဟုလည်း ပြောကြားခဲ့ပါတယ်။ ယုန်လေးကတော့ ပညာပေးရုပ်ရှင်တချို့ကိုလည်း ရိုက်ထားပြီး လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး Cele Yatkwat ကို ပြောကြားသွားခဲ့ပါတယ်။

အင်တာဗျူးမှာတော့ သူက “ကျွန်တော်ကတော့ အစွန်းရောက်တွေကို ဆန့်ကျင်တဲ့သူပါ။ ကျွန်တော့်ကိုဆိုလည်း အားလုံးသိပါတယ်။ ကျွန်တော ဗုဒ္ဓဘာသာပါ။ ဒါပေမဲ့လည်း ကျွန်တော့်မွေးနေ့မှာ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန် ဒီဘာသာတွေ အားလုံးကို ကျွန်တော်လှူဖြစ်ပါတယ်။ ဆုတောင်းတာနဲ့ ပတ်သက်ရင်တော့ ကျွန်တော် ဗုဒ္ဓဘာသာဆိုတော့ ဘုရားစာဆိုတယ်။ တကယ်လည်း ကျွန်တော် ကျဉ်းထဲကျပ်ထဲရောက်တဲ့ အချိန်မှာ ဘုရားတွေ အားလုံးကို တိုင်တည်ဖူးပါတယ်။ ဆုတောင်းတွေ ပြည့်ခဲ့တာတွေလည်း ရှိပါတယ်။

အမှတ်တရတစ်ခုဆိုရင်တော့ ဘာသာခြားတွေက တခြားဘာသာဝင်တွေကို ကွဲလွဲမှုတွေပြောကြတယ်။ ဒီလိုပြောရင်းပြောရင်းနဲ့ ပြသာနာတွေ တက်လာနိုင်ပါတယ်။ ငရဲကြီးလာနိုင်ပါတယ်။ ကျွန်တော်အရင်က ကိုယ့်ဘာသာဘက်ကို ပြန်ပြောရင်းနဲ့ ဒုက္ခတွေအကြီးကျယ်ရောက်ဖူးပါတယ်။ ရောက်ဖူးတဲ့အချိန်မှာ ကျွန်တော်ဂျီးဆပ်ကို တိုင်တည်ပြီးဆုတောင်းလိုက်တယ်။ ကျွန်တော်နောက်ဆို အဲ့လိုပြန်ပြောတာတို့ ဆန့်ကျင်တာတို့ အရက်ဝိုင်းတွေမှာ ဘာသာရေးတွေ လုံးဝ မလုပ်တော့ပါဘူးလို့ ဆုတောင်းလိုက်တဲ့နေ့ကပဲ ကျွန်တော် ဒုက္ခရောက်နေတဲ့ အခြေအနေ တစ်ခု အဆင်ပြေသွားတယ်။

နောက်တခေါက်မှာလည်း ဒုက္ခရောက်နေတဲ့အချိန် ဆုတောင်းကြည့်တယ်။ ဆုတောင်းပြည့်ပါတယ်။ ဒါကျွန်တော် ခရစ်ယာန်ဘာသာကို ယုံကြည်ပြီး လေးစားတဲ့အကြောင်း ပြောပြတာပါ။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာပဲလေ။ မကြာခဏ တရားထိုင်တယ်။ ပုတီးစိပ်တယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဘာသာတိုင်းဟာ လေးစားဖို့ ကောင်းပါတယ်။ ဘာသာရေးအစွန်းရောက်တွေဆိုတာ မရှိသင့်ဘူးဆိုတာကို ကျွန်တော်အခုရုပ်ရှင်ထဲမှာ ပြထားတာ ဖြစ်ပါတယ်။ ဘာသာတရားကိုအကုန်လုံးက ကိုးကွယ်မယ်ဗျာ။ အဓိကကတော့ ငြိမ်းချမ်းရေးတစ်ခုရရှိဖို့ပဲ။ အဲ့ဒါကို ပြချင်တာပါ။

တော်တော်များများကျွန်တော် ကြုံနေရတာ မိန်းမက ချမ်းသာရင် မိန်းမယောက်ျားယူဖြစ်သွားရင် မိန်းမကိုးကွယ်တဲ့ ဘာသာကို ကိုးကွယ်တယ်ဗျာ။ ဒါမျိုးတော်တော်များများတွေ့နေရပါတယ်။ အဲ့လိုမျိုးတွေလည်း မကြိုက်ပါဘူး။ ကိုယ့်ဘာသာကို ကိုးကွယ်ကြပေါ့နော့်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာထဲကို ဘာသာခြားတယောက်ဝင်လာလို့လည်း ကျွန်တော်တို့ရဲ့ ဘာသာကြီးခမ်းနားသွားတာ မဟုတ်ပါဘူး။ ခရစ်ယာန် ဘာသာထဲကို ဗုဒ္ဓဘာသာ တယောက် ပြောင်းသွားလို့လည်း ခရစ်ယာန်ဘာသာကြီး ကြီးကျယ်သွားမှာ မဟုတ်ပါဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ဘာသာတိုင်းက ကောင်းပါတယ်။ တကယ်မကောင်းတာက လူတွေပါ။ ဖျက်လိုဖျက်ဆီးလိုက်လုပ်နေကြတာ။ ဒါကြောင့် ဘာသာရေးအစွန်းရောက်တွေကို လျော့စေချင်ပါတယ်။ ပြီးတော့ ဘာသာမဲ့ဆိုတာကိုလည်း ကျွန်တော်ကတော့ ပေါ်ပင်ကောင်တွေလို့ပဲ ကျွန်တော်ထင်ပါတယ်။ သူတို့လည်း ဒုက္ခရောက်လာရင်တော့ ဘုရားကိုတကြမှာပါပဲ” ဟု ပြောကြားသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *