မင်းဘူး(စကု)မြို့နယ်၊ မင်းလှကျင်းကျေးရွာမှ ဒေသခံ(၃၀၀)ဦးခန့်သည် ကျေးရွာမှ ၁၁ မိုင် ၄ ဖာလုံကွာဝေးသည့် ရွှေစက်တော်ဘုရားပွဲသို့ လှည်းယာဉ်(၃၁)စီးဖြင့် ယနေ့ မတ်လ (၆) ရက်နေ့ ညနေပိုင်း၌ ဘုရားဖူးထွက်ခွာကြသည်။မင်းလှကျင်းရွာတွင် ထိုသို့ လှည်းယာဉ်ဖြင့် ဘုးရာဖူးထွက်ခြင်းဓလေ့ကိုထိန်းသိမ်းခဲ့သည်မှာ နှစ်ပေါင်း(၇၀)ဝန်းကျင်ရှိပြီဖြစ်သည်။
ကျေးရွာလူထု၏ စည်းလုံးမှုပုံရိပ်၊ မြန်မာတို့၏ယဉ်ကျေးမှုအမှတ်သညာနှင့် ဘိုးဘွားအမွေတို့ကို ထိန်းသိမ်းလို၍ ယင်းသို့ လှည်းယာဉ်များဖြင့် ဘုရားဖူးထွက်ကြခြင်းဖြစ်ကြောင်း၊ လှည်းယာဉ်များနှင့်အတူ ခြေလျင်လျှောက်လိုက်ပါသူများ၊ ဆိုင် ကယ်၊ ကားများဖြင့် ဝန်းရံလိုက်ပါလာသူများလည်း ရှိသည်။ကျောင်းနေကလေးများ၏ စာမေးပွဲနှင့်တိုက်ဆိုင်နေသဖြင့် ယခင်နှစ်များကထက် တရက်နောက်ကျ၍ ဘုရားဖူးထွက်နိုင်ခဲ့ကြပြီး အပြန်ခရီးကိုလည်း တရက်နောက်ကျပြီးမှ ပြန်မြည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။“မနက်စောစော ဘုရားဆွမ်းတော်တင်ကြမယ်။
ခြေတော်ရာမှာ ရွှေဆိုင်းတွေလှူမယ်။ ပွဲတော်ထဲလျှောက်လည်မယ်။ မောရင် ချောင်းထဲရေပြန်ချိုး၊ ထမင်းစား၊ ပြီးရင်ဘုရားပေါ်ပြန်တက် ဒီလိုပဲလုပ်ဖြစ်ကြမှာပါ။ ၄ ညအိပ် ၅ ရက်ရှိမှ ကိုယ့်ရွာ ကိုယ့်ဒေသ ပြန်ကြတာပါ ”ဟု ဘုရားဖူးလိုက်ပါလာသူတဦးက ဆိုသည်။နိုင်ငံတဝှမ်းမှဓာတ်ပုံပညာရှင်များ၊ ဝါသနာရှင်များသည် မင်းလှကျင်းဒေသသားတို့၏ယဉ်ကျေးမှု အမှတ်သညာတခုကို မှတ်တမ်းတင်ရန်ရောက်ရှိစောင့်ဆိုင်းနေခဲ့ကြသည်။