ဦးဝင်းမြိုင်ကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူတစ်ယောက်ပါ။ တည်ကြည်တဲ့ဥပဓိရုပ်ကြောင့် မင်းသားရဲ့အဖေအခန်း၊ ဆရာဝန်အခန်းတို့မှာ အများဆုံးသရုပ်ဆောင်ရလေ့ရှိသလို လတ်တလောမှာလည်း ရုပ်ရှင်အစည်းအရုံး ဇာတ်ပို့ဇာတ်ရံအလွှာရဲ့ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူပါ။
သူကတော့ ဒီနေ့မှာ ငယ်ငယ်တုန်းက ဓာတ်ပုံဟောင်းတွေကို ပြန်ကြည့်ရင်း မင်းသားမဖြစ်ခင် ဒုရဲအုပ်ဘဝနဲ့ကျင်လည်ခဲ့တုန်းက အချိန်တွေအကြောင်း ပရိသတ်တွေကို မျှဝေခဲ့ပါတယ်။ ” (၁၉၈၁) ခုနှစ် ဒုရဲအုပ်လောင်းသင်တန်းဆင်းပြီး အလုပ်သင်ဒုရဲအုပ်အဖြစ်ဖြူးရဲစခန်းမှာတာဝန်ကျ အသက်က (၂၇) မမျှော်လင့်ဘဲ ဓါတ်ပုံလေးပြန်တွေ့တော့ အတိတ်ပုံရိပ်လေးတွေ ပြန်ပေါ်လာတယ် မှတ်မှတ်ရရ ဖြူး သင်္ကြန်နဲ့စတွေ့ လူပုံက ဖြူနွဲ့နွဲ့ သင်္ကြန်မဏ္ဍပ်မှာတာဝန်ကျတော့ အမူးသမားအုပ်စုနဲ့ ဖိုက်တင်ပလေးရရော ဖောင်ကြီးသင်တန်းမှာ လိုက်ဝိတ်တန်း လက်ဝှေ့ ရွှေတံဆိပ်ရှင်လေ လက်ရည်ကို မြို့နယ်ကောင်စီလူကြီးတွေ တွေ့သွားတော့ မြို့နယ်လက်ဝှေ့ဆပ်ကော်မတီအတွင်းရေးမှူး တာဝန်ပေးတယ်။
အဲ့ဒီနှစ်က ပဲခူးတိုင်း ဇုံပေါင်းစုံ…. လက်ဝှေ့တန်ခွန်စိုက်ဒိုင်းကို ဖြူးမြို့နယ်အတွက်ယူပေးခဲ့တယ် အလုပ်သင်ကာလပြီးတော့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှူးရုံး ထောက်လှမ်းရေး/ နိုင်ငံရေးဌာနမှာ တာဝန်ကျတယ် ဒီလက်ရည်နဲ့ပဲ အရေးအခင်းကာလတလျှောက်လုံး တိုင်းတပ်ဖွဲ့ မှူး ရဲ့ လုံခြုံရေးအရာရှိ တာဝန်ယူခဲ့ရတယ်…အခုတော့ ရုပ်ရှင် မှာ အဖေခန်းသရုပ်ဆောင် အေးအေးချမ်းချမ်းဖြစ်သွားပြီ တိုက်ခိုက်မှုတွေလုပ်စရာမလိုတော့ဘူး အသက်ကလည်း (၆၈) နှစ်ဆိုတော့ ဘုရားနဲ့ တရားနဲ့ မေတ္တာ တွေ နဲ့ ကိုယ့်ကိုယ်ကို အံ့သြနေမိ” ဆိုပြီး အတိတ်အကြောင်းတွေကို မျှဝေခဲ့ပါတယ်။ အခုအချိန်မှာ အေးချမ်းတည်ငြိမ်တဲ့ကာရိုက်တာတွေနဲ့ တွေ့မြင်နေရတဲ့ဦးဝင်းမြိုင်ကတော့ တချိန်တုန်းက ဒုရဲအုပ်၊ လက်ဝှေ့ရွှေတံဆိပ်ဆုရှင်အဖြစ်နဲ့ ဘဝရပ်တည်ခဲ့ဖူးတဲ့အကြောင်း ဦးဝင်းမြိုင်ရဲ့အတိတ်အကြောင်းတချို့ကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။