မီးလျှံထဲက ကယ်ခဲ့ရတဲ့(၉)လသမီးလေးနဲ့ မီးသတ်သမားကြီးတို့ (၁၇)နှစ်ကြာလို့ ပြန်ဆုံတဲ့အခါ

လက်ရှိအချိန်မှာ အသက်အားဖြင့် (၆၁)နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ မီးသတ်သမားဟောင်းကြီး Mike Hughes ဟာ လွန်ခဲ့တဲ့ (၁၇)နှစ်က (၉)လအရွယ် လူမမယ်ကလေးမလေးဖြစ်တဲ့ Dawnielle Daviso ကို ကယ်ဆယ်ခဲ့ရဖူးပါတယ်။ သူဟာ အခုတော့ ပင်စင်စား မီးသတ်သမားကြီးပေါ့။ ယခင်တုန်းကတော့ သူဟာ တစ်ခုခုအရေးပေါ်ဖြစ်တာနဲ့ ချက်ချင်းရောက်အောင်သွားတဲ့ ကပ္ပတိန် Mike ပါဘဲ။

(၁၉၉၈)ခုနှစ်တုန်းက အိမ်တစ်လုံးမီးလောင်နေတယ်ဆိုပြီး အရေးပေါ်ဖုန်းနဲ့အကြောင်းကြားခံရလို့ အဲဒီနေရာကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ သွားရောက်ခဲ့ကြပါတယ်။ သူတို့မီးသတ်တပ်ဖွဲ့ဟာ ဝါရှင်တန်အခြေစိုက် Wenatchee Fire Department အမည်ရ မီးသတ်တပ်ဖွဲ့ဖြစ်ပါတယ်။

မီးလောင်ရာအိမ်ကို ရောက်ရောက်ချင်းမှာပဲ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ မီးငြှိမ်းသတ်နိုင်ရေး၊ တစ်ခြားအိမ်ကို မီးမကူးရေး ကြိုးစားခဲ့ကြပါတယ်။ တစ်စုံတစ်ယောက်က အိမ်ထဲမှာ ကလေးငယ်တစ်ဦးရှိနေတယ်လို့ သူ့ကို ပြောခဲ့တာကြောင်း Mike ဟာ ချက်ချင်းပဲ အိမ်အတွင်းကို ဝင်ရောက်ခဲ့ပြီး၊ တံခါးပွင့်နေတဲ့ အိမ်ခန်းတစ်ခုထဲကို ဝင်လိုက်ပါတယ်။

အဲဒီမှာ ပုခတ်ကလေးထဲမှာ ကယ်ဆယ်သူမျှော်နေတဲ့ Daviso ကို တွေ့ခဲ့ပြီးနောက် ချက်ချင်း အဝတ်နဲ့ပတ်ပြီး၊ နေအိမ်အပြင်ဘက်ကို ပြေးထွက်လာခဲ့ပါတယ်။ Daviso ရဲ့အသက်ဟာ Mike ကယ်တဲ့ အသက်သာ ရှိပါတော့တယ်။ Mike ဟာ သူကယ်ခဲ့ရတဲ့ Daviso ကို ကောင်းကောင်းသတိရနေပါတယ်။

ဒါကြောင့် Daviso ကို သိသိချင်းမှာပဲ စာလှမ်းပို့ခဲ့ပါတယ်။ ” ငါထင်တာကတော့ ညည်းကို ငါ မီးထဲက ကယ်ခဲ့ရတယ်လို့ ထင်တာပဲ … “ဆိုတဲ့ စာလေးပါ။ Daviso ကလည်း ချက်ချင်းစာပြန်ခဲ့ပြီး ” သြော် ဟုတ်လား .. ဒါဆို မေမေက ဘာလုပ်နေတာလဲ “လို့ ပြန်မေးတော့ ” အဲဒီတုန်းက ညည်းအမေက အလုပ်ကိုရောက်နေတယ်လေ “လို့ ဖြေခဲ့ပါတယ်။ ဒီလိုနဲ့ Mike နဲ့ Daviso တို့ ပြန်ပြီးအဆက်အသွယ်ရခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Mike ကို သူမရဲ့ အထက်တန်းကျောင်းပြီးဆုံးခြင်းဘွဲ့နှင်းသဘင်ကိုတက်ရောက်ဖို့ Daviso က ဖိတ်ကြားခဲ့ပါတယ်။ သူတို့တစ်တွေဟာ ကြင်ကြင်နာနာ ပြန်လည်ဆုံတွေ့ခဲ့ကြပြီး၊ အသက်ရှင်ခဲ့သူနဲ့ အသက်ကယ်ခဲ့ရသူရဲ့ ဝမ်းသာပီတိဟာ ဘယ်လိုဘယ်ပုံဖြစ်နေမယ်ဆိုတာကိုတော့ ပြောပြဖို့ အတော်လေး ခက်ပါလိမ့်မယ်။

Mike ဟာ ယခုလို အသက်ရှင်လျှက် ကယ်ဆယ်နိုင်မှု သုံးကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး၊ ဒီသုံးကြိမ်စလုံးဟာ သူ့မီးသတ်သမားဘဝသက်တမ်းတစ်လျှောက်မှာ ပြန်ပြောဖို့အကောင်းဆုံး ဖြစ်ရပ်မှန်ပုံပြင်တွေဖြစ်တယ်လို့လည်း ဂုဏ်ယူနေရှာပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ကောင်းတာလုပ်ခဲ့တာလေးကိုတော့ ဂုဏ်ယူချင်ကြတာပဲဖြစ်ပြီး၊ ကောင်းတာလုပ်တဲ့သူတွေကို လူကောင်းတွေကလည်း ချစ်ခင်ချီးမြှောက်ကြပါတယ်။

(သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ (၂၀၁၅) ခုနှစ် ဇွန်လမှာ ပြန်လည်တွေ့ဆုံခဲ့တာ ဖြစ်ပြီး၊ ယခုဆိုရင် Daviso ဟာ အသက်(၂၁)နှစ် ကျော်နေပြီဖြစ်တဲ့ ကောင်မလေးတစ်ယောက် ဖြစ်နေပါပြီ။)

နတ်စည်တော် (Shwemom)

source : dailymail.co.uk

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *