မူးယစ်စစ်ပွဲကို လာစစ်မည့်သူများအား မိကျောင်းစာကျွေးပစ်မည်ဟု ဒူတာတေးပြော

မူးယစ်ဆေးဝါး နှိမ်နင်းမှုစစ်ပွဲအတွင်း သတ်ဖြတ်မှုများကို ဖိလစ်ပိုင်သို့ လာရောက်စစ်ဆေးမည့် နိုင်ငံတကာရာဇ၀တ်ခုံရုံးမှ ရှေ့နေများအား မိကျောင်းစာ ကျွေးပစ်မည်ဟု သမ္မတ ဒူတာတေးက ပြောသည်။ နိုင်ငံ၏ ဥပဒေကို ၎င်းတို့က မသိကြောင်း၊ နိုင်ငံတွင်းက ဥပဒေရေးရာ တာဝန်ရှိသူများအနေဖြင့် လာရောက်မည့် ၎င်းတို့အား ကြိုဆိုပေးရုံကလွဲပြီး မေးမြန်းပြောဆိုမှုများ မလုပ်သင့်ကြောင်း ဒူတာတေးက ဆိုသည်။

“ဒါဟာ ဖွဲ့စည်းပုံ၊ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအရပဲ ဖြစ်တယ်။”ဟု ဒူတာတေးက မိကျောင်းစာ မကျွေးဖြစ်ပါက နှုတ်ဆိတ်နေထိုင်ခွင့် အခွင့်အရေးကို ကိုးကားလျက် ပြောဆိုသည်။

“လာကြပါစေ။ သူတို့ ဒီကို လာပါစေ။ လူသား အရမ်းကြိုက်တဲ့ မိကျောင်းတစ်ကောင်လောက် မရှိဘူးလား။ ဒီေxxသားတွေကို ပစ်ကျွေးမလို့။”ဟု စစ်တပ်၏ အနောက်ပိုင်း မန်ဒါနာအိုစစ်ရုံးချုပ်က စစ်သားများအား မိန့်ခွန်းပြောဆိုမှုတွင် ဒူတာတေးက ပြောခဲ့သည်။

ဒူတာတေးအား လူသားချင်းစာနာထောက်ထားရေးကို မျက်ကွယ်ပြုသည့် ရာဇ၀တ်မှုများအတွက် စုံစမ်းစစ်ဆေးရန် ICC မှ ရှေ့နေဖြစ်သူ ဖာတော့ဘန်ဆောဒါက ပြီးခဲ့သည့်လအတွင်းက အမှုတင်ခဲ့ခြင်း ဖြစ်သည်။ဒူတာတေးနှင့်အတူ ၎င်း၏ အစိုးရအဖွဲ့အတွင်းမှ တာဝန်ရှိသူ အနည်းဆုံး ၁၁ ဦးအား လူမဆန်သည့် မူးယစ်စစ်ပွဲအတွင်း တရားလက်လွန်သတ်ဖြတ်ခြင်းများအတွက် အမှုစွဲတင်ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်စစ်ပွဲအပေါ် စုံစမ်းစစ်ဆေးမှုသည် အချိန်နှင့် ရင်းမြစ်များကို အလဟသ ဖြုန်းတီးနေခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတ အိမ်တော် Malacanang က သေးသိမ်အောင် ပြောသော်လည်း သမ္မတ ဒူတာတေးက ထိုစုံစမ်းစစ်ဆေးမှုကို ကြိုဆိုကြောင်း ဆိုလိုက်ကာ လိုအပ်ပါက ခုံရုံးရှေ့တော်မှောက် လျှောက်လဲမည်ဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော်လည်း သမ္မတ ဒူတာတေးက မူးယစ်စစ်ပွဲအတွင်းက သတ်ဖြတ်မှုများအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုကို တောင်းဆိုကာ ရဲနှင့် စစ်တပ်တို့ကိုမူ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများ အပါအ၀င် မည်သူကိုမဆို သတင်းအချက်အလက် မပေးရန် အမိန့်ပေးထားသည်။

“သူတို့က ပြောနေတယ်။ ကျုပ်တို့ကို စစ်ဆေးတယ်ပေါ့။ တကယ် နလပိန်းတုံးတွေ။ ရာဇ၀တ်မှု ဥပဒေရဲ့ ပြဌာန်းချက်တွေဟာ မင်းတို့ ဘာပြောပြော အပြစ်လုပ်လိုက်နိုင်မှာပဲ။ ဒါကြောင့် အကောင်းဆုံးက နှုတ်ဆိတ်နေလိုက်တာပဲ။ သူတို့ကို ပြောလိုက် ကျွန်တော်တို့မှာ စစ်ဦးစီးချုပ် ရှိပါတယ်လို့သာ ပြောလိုက်ပါ။”ဟူ ဒူတာတေးက ပြောခဲ့သည်။
Inquirer.net

Source – မောင်သံဆင့် ( Daily Hot News )

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *