မိတ္ထီလာမြို့ ပြည်သာယာ (တောင်) ရပ်ကွက်ရှိ တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦးသည် မြောက်ဦးမြို့မှ ပြန်လာသည့် သူငယ်ချင်းနှင့် တွေ့ဆုံမိရာမှ နှာခေါင်း အနံ့မရတော့သဖြင့် ၎င်းနှင့် အတူနေသူ (၃) ဦးနှင့်အတူ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးကာ တည်းခိုခန်း၌ Home Quarantine အဖြစ် နေထိုင်လျှက် ရှိကြောင်း ယင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် ဒေသခံများက ပြောသည်။
အနံ့အသက် ပျောက်သည့် အမျိုးသားသည် အသက် (၃၀)ဝန်းကျင်အရွယ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းနှင့်အတူ အသက် (၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် (၃၀)ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၅၀)ဝန်းကျင် အမျိုးသမီးတစ်ဦး၊ စုစုပေါင်း လေးဦးသည် သြဂုတ် (၂၆)ရက် နေ့လည်ပိုင်းတွင် Swab (ဓာတ်ခွဲနမူနာ) ရယူစစ်ဆေးကာ မိတ္ထီလာမြို့ ပြည်သာယာ (တောင်)ရပ်ကွက်ရှိ တည်းခိုခန်း၌ပင် Home Quarantine အဖြစ် နေထိုင်နေခြင်း ဖြစ်ကြောင်း ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
“သူက (တည်းခိုခန်း လုပ်ကိုင်သည့် အမျိုးသား) မြောက်ဦးက ပြန်လာတဲ့ သူ့သူငယ်ချင်းနဲ့ စကားပြောမိတယ်။ မြောက်ဦးက ပြန်လာတဲ့လူက ဒီမှာ တစ်နာရီလောက် ဝင်ပြီး စကားပြောတာ။ သူက မြဝတီ ဆက်သွားမယ်လို့ ပြောသွားတယ်တဲ့။ အဲဒါ လွန်ခဲ့တဲ့ လေးရက်လောက်ကပါ။ ဒီလူနဲ့ ဆက်စပ်တဲ့ သူတွေကတော့ တည်းခိုခန်း မန်နေဂျာနဲ့ ထမင်းချက် သားအမိပေါ့။ တည်းခိုခန်းမှာပဲ Home Stay ထားတယ်။ လိုအပ်ရင် ဆေးရုံ ပို့ပေးရမှာပေါ့။ ပြည်သူ့ကျန်းမာက တို့ဖတ် လာယူသွားတယ်။ အခုပြီးတာပဲ” ဟု ပြည်သာယာ (တောင်)ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးမျိူးမင်းမင်းမြတ်က ပြောသည်။
အဆိုပါ တည်းခိုခန်းပိုင်ရှင် အမျိုးသားသည် နှာခေါင်းမှ အနံ့အသက် မရတော့သဖြင့် သြဂုတ် (၂၆) ရက် နံနက်ပိုင်းတွင် မြို့ခံ လူမှုကူညီရေးအသင်းများသို့ ဆက်သွယ်၍ အကူအညီ တောင်းခြင်းဖြစ်ပြီး လူမှုကူညီရေးအသင်းများက ကျန်းမာရေးဌာနသို့ ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါ (၄) ဦးအား ဓာတ်ခွဲနမူနာ ရယူစစ်ဆေးထားမှုနှင့် ပတ်သက်၍ အဖြေမသိရသေးဟု ၎င်းက ပြောသည်။မန္တလေးတိုင်းအစိုးရသည် ရခိုင်ပြည်နယ်မှ လာရောက်သူများကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရန်နှင့် Facility Quarantine (သတ်မှတ်နေရာ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) (၂၁)ရက် ထားရှိရန် သြဂုတ် (၂၀)ရက်မှ စတင်ကာ ညွှန်ကြားစာ ထုတ်ပြန်ထားသည်။