မန္တလေးမြို့ရှိ COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူ နေထိုင်သည့် အောင်မြေသာစံမြို့နယ် ၁၈ လမ်း ၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ နေအိမ်အား Lockdown ပြုလုပ်ကာ ပိုးသတ်ဆေးဖြန်း ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၁၆ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နေထိုင်သူတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ပါဝင်ခဲ့ပြီး ၄င်းတွေ့ရှိသူမှာ မန္တလေးမြို့ရှိ အသွားအလာ ကန့်သတ်ထားရှိသည့် နေရာတစ်ခုတွင် Quarantine ထားရှိကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ထုတ်ပြန်ပြီးနောက် ၄င်းနေထိုင်ရာ အောင်မြေသာစံမြို့နယ် ၁၈ လမ်း ၈၂-၈၃ ကြားရှိ နေအိမ်အား အသွားအလာ ကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူ နေထိုင်ခဲ့သည့်အိမ်တွင် အတူနေ မိသားစုဝင် ၆ ဦးရှိပြီး ၄င်းတို့အား အပူချိန်တိုင်းတာ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ ရောဂါပိုးတွေ့ရှိသူ အမျိုးသမီးမှာ စင်ကာပူနိုင်ငံတွင် နေထိုင်ပြီး တူရကီနိုင်ငံသို့ ၇ ရက် အလည်အပတ် သွားရောက်ခဲ့ပြီးနောက် မတ်လ ၂၃ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် Quarantine ၁၄ ရက် ပြုလုပ်ခဲ့ပြီး မန္တလေးမြို့နေအိမ်တွင် Home Quarantine ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ၊ ယင်းသို့ ပြုလုပ်နေစဉ် နေထိုင်မကောင်းဖြစ်လာခဲ့၍ နဒီမြန်မာဟိုတယ်သို့ လွှဲပြောင်းကာ Facility Quarantine ကန့်သတ်ထားရှိ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒီကနေ့ မနက် ၁၀ နာရီမှာ ဒီသတင်းထွက်လာတာနဲ့ ကျွန်တော်တို့ ဒီလူနာရဲ့ address တွေ သေချာ စုံစမ်းပြီးတော့ ရောက်လာတာပါ ။ ဒါက မေဃဂီရိရပ်ကွက် ၈၂-၈၃ ကြား ၁၈ လမ်းမှာ ရှိတဲ့ အိမ်တစ်အိမ်ကို အဝင်အထွက် မရှိအောင် အခု Lockdown လုပ်ထားပါတယ် ။နောက်ပြီး သက်ဆိုင်ရာအဖွဲ့တွေက ပိုးသတ်ဆေး ဖြန်းတာတွေ လုပ်နေတယ်။ ဒါပြီးရင် ဒီလမ်းတစ်လမ်းကို ပိုးသတ်ဆေးဖြန်းဖို့ အစီအစဉ်တွေ လုပ်နေတာပေါ့။ အခုလောလောဆယ်တော့ ပထမဆင့်အနေနဲ့ အိမ်ကိုပဲ အဝင်အထွက် မရှိအောင် လုပ်ထားမှာပါ။ အခြေအနေပေါ် မူတည်ပြီး ဒီလမ်းကိုလည်း ပိတ်ဖို့ ဖြစ်ကောင်းဖြစ်မှာပါ။ အကုန်လုံးက သက်ဆိုင်ရာ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ် ”ဟု အောင်မြေသာစံမြို့နယ် ၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦးက ပြောကြားသည်။
“လူနာရဲ့အကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း မနက်ကမှ သိရတယ်။ သူက စင်ကာပူနိုင်ငံမှာ နေထိုင်ပြီး အဲ့ကနေမှာ တူရကီနိုင်ငံကို အလည်သွားတယ် ။ ရန်ကုန်ကို မတ်လ ၂၃ ရက်နေ့ ပြန်ရောက်လာပြီး ရန်ကုန်မှာ Quarantine ၁၄ ရက် နေတယ်။ ၁၄ ရက်ပြည့်ပြီးတဲ့အခါ မန္တလေးပြန်လာပြီးတဲ့အခါ ညွှန်ကြားချက်အတိုင်း Home Quarantine နေတယ် ။ အဲ့လိုနေရင်းကနေ ဧပြီ ၈ ရက်မှာ ဘာဖြစ်လဲဆိုတော့ မအီမသာ ဖြစ်တယ်။ အစားအသောက် စားရတာ အရသာမရှိဘူး ပြောတယ်။ အဲဒီမှာ သူ့ကို ကုသပေးနေတဲ့ သူနာပြုဆရာမကနေ inform လုပ်ပြီးတော့ နဒီမြန်မာဟိုတယ်မှာ Facility Quarantine လုပ်တာပေါ့ ။ အဲဒီကနေမှ ဒီကနေ့ Positive ဖြစ်တယ်ဆိုတဲ့ အခြေအနေရောက်လာတာ” ဟု ဒေါက်တာကျော်ဦးက ဆက်လက် ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနာ၏ ဧပြီ ၁၆ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၈၅ ဦး ရှိပြီဖြစ်ပြီး မန္တလေးမြို့တွင် ယခုတွေ့ရှိသည့် လူနာမှာ ဒုတိယမြောက်ဖြစ်ကာ ပထမ တွေ့ရှိသည့် တစ်ယောက်မှာ ဓာတ်ခွဲစစ်ဆေးချက်အဖြေ Negative အဖြေ နှစ်ကြိမ်ထွက်ရှိမှုအရ ကန်တော်နဒီဆေးရုံမှ ဆင်းကာ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် Hospital Quarantine ဆက်လက် ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။