မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာသည် ယူဂန်ဒါ နိုင်ငံတကာကြက် တောင်ပြိုင်ပွဲ ရှုံးထွက် ပထမအဆင့်နှင့် ဒုတိယအဆင့်၌ ပြိုင်ဘက်ကစားသမားများကို အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်ခဲ့သည်။
ဖေဖော်ဝါရီ ၂၁ ရက်က ယှဉ်ပြိုင်ခဲ့သည့် ရှုံးထွက်ပထမအဆင့်တွင် သက်ထားသူဇာသည် မော်လ်ဒိုက် ကစားသမား သီမက်နာဘက်ရှ်ကို (၂၁-၁၅) (၂၁-၉) မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့ပြီး ဒုတိယ အဆင့်တွင် အီရန်ကစားသမား ဆိုရာယာကို (၂၁-၁၉) (၂၂-၂၀) မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရကာ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
သက်ထားသူဇာသည် ကွာတားဖိုင်နယ်ပွဲစဉ် အဖြစ် ဖေဖော်ဝါရီ ၂၂ ရက် (ယနေ့) မြန်မာစံတော်ချိန် ည ၆ နာရီခွဲတွင် ဆလိုဗက်ကီးယား ကစားသမား မာတီနာ ရက်ပစ်ကာ နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။သက်ထားသူဇာသည် ၂၀၁၉ ယူဂန်ဒါနိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိခဲ့ပြီး ယခုနှစ်၌ ချန်ပီယံကာကွယ်ပွဲ ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။