ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါဟာ မပြင်းထန်တာကြောင့် စိုးရိမ်စရာမလိုဘူးလို့ ပြောနေကြတာဟာ လုံးဝမှားယွင်းတယ်လို့ ပြည်သူ့ကျန်းမာရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားလိုက်ပါတယ်။ ရောဂါပိုးတွေ့လူနာတွေထဲမှာ ၃ ဦးဟာ ရောဂါပြင်းထန်လာတာကို တွေ့ရှိတာကြောင့်လို့ ဒေါက်တာခင်ခင်ကြီးက ပြောထားတာပါ။ အဲဒီလူနာ ၃ ဦးဟာ အသက် ၆၀ ကျော်အရွယ်တွေ ဖြစ်ပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ရှိနေသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ် မြို့နယ် ၁၅ မြို့နယ်မှာ ကူးစက်မှု ဖြစ်နေပြီး ကူးစက်ခံရသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေက ၁၀ ရာခိုင်နှုန်းကျော်ပါနေတယ်လို့လည်း ဆိုပါတယ်။ဒါကြောင့် ရောဂါကူးစက်ခံရသူများနေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ကျပန်းဓာတ်ခွဲနမူနာ ရယူစစ်ဆေးတဲ့လုပ်ငန်းကို သြဂုတ် ၃၁ ကနေ စက်တင်ဘာ ၅ အထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီနေ့ညနေမှာပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။
အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေဖြစ်ကြတဲ့ ဆေးရုံ၊ ဘဏ် လေဆိပ်၊ ကယ်ဆယ်ရေးစခန်းနဲ့ ရပ်ကွက်တွေမှာ နေထိုင်တဲ့ ပြည်သူ့ဝန်ထမ်းပြည်သူ တစ်ထောင်ခန့်ကို ပထမအဆင့် သွေးနမူနာရယူ စစ်ဆေးသွားမှာလို့ သိရပါတယ်။သွေးနမူနာ ဓာတ်ခွဲအဖြေတွေမှာ positive ဖြစ်ရင် စစ်ဆေးခံမယ်သူရဲ့ ခွင့်ပြုချက်နဲ့ နှာခေါင်းတို့ဖတ်နမူနာကို ရယူစစ်ဆေးသွားမှာဖြစ်ပါတယ်။ ဓာတ်ခွဲနမူနာမှာ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုရင်တော့ ဆေးရုံမှာ သီးခြားထားရှိပြီး အခမဲ့ဆေးကုသမှုတွေ ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထားတာပါ။
ရခိုင်ပြည်နယ်မှာ ကူးစက်ဖြစ်ပွားမှုအခြေအနေတွေကို သိရှိနိုင်ဖို့အတွက် ဓာတ်ခွဲနမူနာရယူစစ်ဆေးတာတွေကို ပူးပေါင်းပါဝင်ကြဖို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းလိုက်ပါတယ်။