ရခိုင်ပြည်နယ်တွင် ကူညီမည့် စေတနာ့ဝန်ထမ်းများအတွက် အစိုးရအကုန်အကျခံမည်

Posted on

ရခိုင်ပြည်နယ်မှာ သွားရောက်ကူညီမယ့် စေတနာ့ဝန်ထမ်းတွေကို နိုင်ငံတော်အစိုးရအနေနဲ့ အကုန်အကျခံသွားမယ်လို့ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်းမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်မတို့ တစ်ခြားစေတနာ့ဝန်ထမ်းတွေကိုလည်းဖိတ်ခေါ်ပါတယ်။ ဖိတ်ခေါ်ရုံတင်မကဘူး ဒီစေတနာ့ဝန်ထမ်းများ သွားရောက်ပြီးတော့ ရခိုင်ပြည်နယ်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သတ်လို့ ကူညီခြင်းအတွက်ကို ကျွန်မတို့ နိုင်ငံတော်အစိုးရကနေပြီးတော့ အကုန်အကျခံပါမယ်။ ကျွန်မတို့ကနေပြီးတော့ ဒီစေတနာ့ဝန်ထမ်းတွေကို လည်း အင်မတန်မှကျေးဇူးတင်တယ်။ အခုချိန်မှာ ချက်ချင်းကို ဆေးပစ္စည်းအမျိုးမျိုး ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ပစ္စည်းအမျိုးမျိုးနဲ့ ကူညီတဲ့ ကျွန်မတို့အလှူရှင်ပြည်သူပြည်သားတွေကိုအားလုံးလည်း အင်မတန်မှ ကျေးဇူးတင်ပါတယ်” လို့ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

လက်ရှိအချိန်မှာလည်း ရခိုင်ပြည်နယ်မှာ ကျန်းမာရေးဆိုင်ရာအကူအညီတွေပေးနိုင်ဖို့ စေတနာ့ဝန်ထမ်းအဖွဲ့ တစ်ဖွဲ့ စစ်တွေမြို့ကိုရောက်ရှိနေပြီး အကူအညီပေးမှုတွေစတင်လုပ်ဆောင်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ကာကွယ်မှုတွေ၊ အကူအညီပေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားရင် Covid – 19 ရောဂါစိန်ခေါ်မှုကြီးကျော်လွှားနိုင်မှာဖြစ်ပြီး သတိတော့အင်မတန်ထားဖို့လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစု ကြည်ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *