ရခိုင်ပြန် ကိုဗစ်သံသယလူတွေကို “တို့ဖတ်” ယူရတဲ့ ဖိုက်တာအောင်မျိုးရဲ့ ကြုံတွေ့ရတဲ့ တစ်နေ့တာ

Posted on

ပြောရရင် မနက်အစောကြီး တိုင်းကျန်းမာရေးရုံးကို ရောက်နေတာက စရမှာပဲ။ မနေ့ကတည်းက ရခိုင်ပြန် ကိုဗစ်သံသယလူတွေကို ‘တို့ဖတ်’ ယူဖို့ တာဝန်ပေးခံထားရလို့ ဒီမနက်တော့ စောစောထ ကားမောင်းခဲ့ကာ၊ တိုင်းရုံးထဲရောက်နေတယ်။ကိုဗစ်တို့ဖတ်တွေ ထည့်ရတဲ့ တို့ဖတ်ဘူးလေးတွေကို ‘ဗီတီအမ်’ လို့ခေါ်တယ်။ viral transport media ပေါ့။ နှာခေါင်းထဲ အာခေါင်ထဲ ဂွမ်းတံလေးတွေနဲ့ ထိုးပြီးရင် အဲဒီဘူးလေးထဲ ထည့်ပိတ် ပို့ရတာ။ လက်သူကြွယ်လောက် ရှိမယ့် ပလတ်စတစ်ဘူး အရှည်လေးတွေ။နောက်တစ်ခုက ဗက်ဆင်းကယ်ရီယာ ခေါ်တဲ့ဟာ။ ဗမာလို ရေခဲပုံး ဆိုပါစို့။ သို့ပေမယ့် သူက အပိတ်အဖွင့်မှာ ကလစ်လေးတွေ ပါတယ်။ အဖုံးကို သိုင်းကြိုးနဲ့ ဘာနဲ့ သေချာ အကျအန ပိတ်ထားရင် တော်ရုံအကျင့်မရှိတဲ့လူ ဗြုန်းခနဲ့ မဖွင့်တတ်ဘူး။ ပြီးတော့ သူ့ကို ကြည့်လိုက်ရင် ရေခဲပုံးဆိုတာထက် သေတ္တာနဲ့ ပိုတူတယ်။ အထဲမှာ ရေခဲခြောက်ခေါ်တဲ့ ပလတ်စတစ်ဘူးနဲ့ အအေးခံထားတဲ့ ရေခဲတောင့် လေးတွေ ပါပါတယ်။ကျွန်တော်တိုင်းရုံးကို အစောကြီး ရောက်နေတာက တို့ဖတ်ယူဖို့အတွက် အဲဒီ ပစ္စည်းတွေ လာထုတ်တာ။ နောက်လည်း ယူရဦးမယ့်အတူတူ ပိုထုတ်ခဲ့မယ်တွေးတာ။ တို့ဖတ်ဘူးက လိုသလောက်ရပေမယ့် ရေခဲပုံးကတော့ အခုသုံးဖို့အပြင်၊ နောက်တစ်ပုံးပဲ အပိုရတယ်။ ဒီတော့လည်း နှစ်ပုံးပေါ့။အဲဒါ ရတာလေးတွေထုတ်၊ ကျွန်တော့် ခွေးဘီလူးကားလေးပေါ်တင်ပြီး တို့ဖတ်ယူရမယ့် ဇီဝိတဒါန သံဃာ့ဆေးရုံကို မြန်းခဲ့တယ်ပေါ့။ ဒီအထိက ချောနေတာပဲ။

ဟိုရောက်တော့ တာဝန်ကျဆရာမတွေနဲ့ တို့ဖတ်ယူဖို့ ပြင်ဟယ် ဆင်ဟယ်ပေါ့။ ကျွန်တော်တို့ အလုပ်လုပ်ကြပုံက ဒီလို။ တို့ဖတ်ဘူးလေးတွေပေါ် နာမည်၊ အသက် ရေးကပ်ပြီးတော့ တို့ဖတ် အယူခံရမယ့် အဖွဲ့တွေထဲ တစ်ယောက်ချင်း နာမည်ခေါ် ဝေလိုက်တယ်။ကိုယ့်နာမည်ပါတဲ့ ကိုယ့်ဘူးလေးကိုယ် ကိုင်ထားပြီး တန်းစီကြပါ၊ ကိုယ့်ဘူးကိုယ် ကိုင်ထားပါနော်။ အချင်းချင်း ဘူးချင်းမလဲပါနဲ့။ ခြောက်ပေစီ ခွာနေပါ” ဘာညာပေါ့ဗျာ။ အဲဒီလိုတွေ မှာတမ်းခြွေပြီးတော့ကျ ကျွန်တော်က ပီပီအီးခေါ်တဲ့ အကာအကွယ်ဝတ်စုံ ဝတ်တဲ့ပြီး၊ တစ်ယောက်ချင်းခေါ်ကာ တို့ဖတ်ယူတော့တာပဲ။ကလေးတွေ ဘာတွေ တို့ဖတ်ယူတဲ့ပုံ ဖေ့ဘုတ်ကကြည့်ပြီး ဒရာမာတွေ ထထချိုးနေတဲ့ လူတွေမြင်ရင် ကျွန်တော်က တအားငိုချင်တာပဲ။ ဘာလို့လဲဆို တကယ့်မြေပြင်မှာ ကလေးနဲ့တွေ့လို့ ဇာတ်နာရတာက တို့ဖတ်ယူတဲ့ ဓာတ်ခွဲမှူးပါခင်ဗျာ။အခုပဲ ကြည့်လေ။ လူလေးငါးယောက် ယူပြီးတော့ အလှည့်ကျတာ ကလေးလေး။ သုံးနှစ်သားလောက် ရှိမှာပေါ့။ ကျွန်တော့် မြင်ကတည်းက ဒီကောင်က ငိုတာပဲ။ ကျွန်တော်လည်း သနားလို့ တစ်ခွန်းစ နှစ်ခွန်းစ ဝင်ချော့ပါသေးတယ်။ အဲဒါ ကလေးအမေကဆရာ့ကို သူက လူလို့ မထင်ပြီး တအားငိုနေတာ ဆရာ။ ဆရာဆီက စကားသံကြားလေ ပိုဆိုးလေပဲ” တဲ့။ ဪ ပီပီအီးဝတ်ထားတဲ့ ငါ့ပုံဟာ သတ္တဝါကြီး တစ်ကောင်လို အင်မတိအင်မတန် ခန့်ညားလို့ ဖြစ်မှာပဲလို့၊ ပီတိမျက်ရည်လေးတွေပါ လဲ့လာမိလိုက်ပါသေးတယ်။

ပြီးတော့ နောက်တစ်ယောက်က ရခိုင်မ။ ၁၆ နှစ်အရွယ် သမီးလေးတစ်ယောက်ရယ်၊ ၈ နှစ်လောက်ဟာလေးရယ်၊ သမီးနှစ်ယောက်ပါတယ်။ ခပ်ကဲကဲ ကလေးမိခင်တို့ရဲ့ အထာပေါ့ခင်ဗျာ။ သမီးရယ် ဘာရယ် ပြာဆာနေတာပဲ။ ကျွန်တော်က သူတို့ရဲ့ ကြောက်စိတ်ကို နားလည်ပေးပြီး ဖြည်းဖြည်းညင်သာ ယူပေးပါတယ်။ ဒါနဲ့တောင် ၈ နှစ်ကောင်မလေးက ကမ္ဘာပျက်အောင် အော်သဗျ။ အ။ ပီပီအီးထဲကတောင် နားပင်းယူတယ်ဗျာ။သူပြီးတော့ ၁၆ နှစ်သမီး ကောင်မလေး။ ဒါလေးကတော့ ရှက်တတ်တဲ့ အရွယ်မို့ မအော်ဘူး။ သို့သော် မျက်ရည်တောက်တောက်ကျ ရှိုက်ရှိုက်ပြီး ငိုတာဗျာ။ ကျွန်တော့်မှာ သူ့ကို တို့ဖတ်ယူပေးနေရင်းတောင် ရင်ထဲက သနားလာမိပါတယ် ဆို။ အို။ တကယ်တွေ ရင်ထဲ အဲလိုဖြစ်တာပါ ဆိုမှ။ သူတို့အမေကြီး ဆိုတာလည်း သမီးတွေအနားထိလာပြီး တချော့ချော့ပေါ့။ပြီတော့ကျ အမေကြီး အလှည့်။ ဒီမှာ ပြဿနာတက်တာပဲ။ ကျွန်တော်ကလည်း ပထမ ၈ နှစ်သမီးလေးတုန်းက အော်လွန်းပြီး နားငြီးလို့။ ဒုတိယ ၁၆ နှစ်မလေးကျ သနားပြီး ကိုယ်ပါ မျက်ရည်ဝဲလာလို့၊ ခပ်မြန်မြန်ပဲ ယူပေးလိုက်မိတာ။ အဲဒါ သူ့သမီးတွေကို ငိုအောင်လုပ်တဲ့ ကျွန်တော့်ကို မျက်စောင်းတခဲခဲ ဖြစ်နေတဲ့ ရခိုင်မကြီးကျမှ တို့ဖတ်မယူခင် သူ့လက်ထဲက တို့ဖတ်ဘူး ယူကြည့်လိုက်မိတာ၊ နာမည်က လွဲနေပါရော။လွဲနေတာက သူ့သမီးတစ်ယောက်နဲ့ တို့ဖတ်ဘူးချင်း လွဲနေတာ။ ကဲ… မခက်ကြဘူးလား။ ဒါဆို စောစောက ကလေးမနှစ်ယောက်ထဲက တစ်ယောက်ကို သူ့အမေနာမည်ပါတဲ့ ဘူးနဲ့ ယူပေးလိုက်မိတာ။ ဆိုတော့ကာ ဘယ်သူ့ကို ဘယ်ဘူးနဲ့ ယူပေးလိုက်တာလဲ။ ဒါကိုမေးတော့ သူတို့သားအမိတွေလည်း မမှတ်မိဘူး။ပီပီအီးဆိုတာက ဝတ်ထားရသူအတွက် စက္ကန့်နဲ့အမျှ ပူတာမျိုးပါ။

“ခင်ဗျားတို့ဗျာ။ ဘူးတွေ အချင်းချင်း မလဲပါနဲ့ လို့ ကျွန်တော် အတန်တန် မှာထားလျက်နဲ့…” ဆိုပြီး ပြောတော့ ရခိုင်မကလည်း “အို… ဘယ်သိမလဲ၊ ဒီကလည်း သားအမိချင်းတွေ မှားသွားတာပဲ” ဆိုကာ မကျေမနပ် ပွစိပွစိ။သို့သော် ဓာတ်ခွဲအဖြေတို့ရဲ့ သဘောက သားအမိချင်းလို့ မရှိပါဘူး။ ဆိုတော့ကာ မင်းတုန်းမင်းကြီးလို “မကျေနပ် တစ်ကပြန်စ” ပဲ။ “ကဲ… အခုယူမယ့် အန်တီ့ဘူးကိုတော့ အန်တီမှန်း သိနေတော့ နာမည် ပြင်ကပ်ပေးလိုက်လို့ ရတယ်။ ဒါပေမယ့် အန်တီ့ သမီးနှစ်ယောက်တော့ ဘယ်သူ့ဟာက ဘာမှန်းမသိတော့ နှစ်ယောက်လုံး ပြန်ယူရမှာ” ဆိုတော့၊ဟို ၈ နှစ်သမီးဟာဗျာ၊ အဲဒီစကား ကြားလိုက်ကတည်းက ဗြဲခနဲ့ ဗြဲခနဲ့ အော်ပြီး ငိုတာငိုတာ ဆိုတာ၊ ကွာရန်တင်းစင်တာ တစ်ခုလုံးက ထွက်ကြည့်ကြတယ်။မတတ်နိုင်။တစ်ကပြန်စ။ ပထမ အဆိုပါ အာဗြဲမလေး။ သူ့အမေက ချော့ဟယ်၊ (ကျွန်တော့်ကို စောင်းပြောသလိုလိုမျိုး) ဆဲဟယ် ဆိုဟယ် ခြောက်ဟယ် နဲ့ အဆင်ပြေသွားပါတယ်။နောက်ပြီးတော့ ကျွန်တော်သနားတဲ့ ၁၆ နှစ်မလေး။ ခမျာ စောစောကလို ငိုရှာတာပဲ။ ငိုလည်း တို့ဖတ်တော့ ယူရတယ်။ အာခေါင်က အဆင်ပြေပါတယ်။ နှာခေါင်းမှာ ပထမတစ်ဖက် အပြီး နောက်ဆုံး ဒုတိယတစ်ဖက်မှာ ကလေးမက ငိုနေရင်းမို့ မွှန်လွန်းလာသလား မသိ၊ ကျွန်တော့်လက်ကို တအား ပုတ်ထုတ်ပစ်လိုက်တာ ‘ဖြောင်း’ ခနဲ့နေတာပဲ ခင်ဗျာ။ ဒီမှာ လက်ထဲက တို့ဖတ်တံလည်း ဘယ်လွှင့်သွားမှန်းတောင် မသိပါဘူး။

ကျွန်တော်က တို့ဖတ်တံ ဘယ်လွင့်သွားမှန်း မသိဘူးလို့ ရေးတယ်နော်။ အို… သူ့အမေကတော့ သိတယ်ဗျ။ ဟိုးအဝေးကြီးက မြေကြီးပေါ် အလျားလိုက်လှဲနေတဲ့ တို့ဖတ်တံလေး ပြေးကောက်တဲ့ပြီး ပေးရှာတယ်။ သို့သော် ဓာတ်ခွဲတို့ရဲ့ သဘောကား ထို့သို့ မြေကြီးပေါ်ကျပြီးသားကြီး ပို့ပေးလို့မရပြန်။နောက်ထပ် ထပ်ထိုးရမယ် ခင်ဗျ” ဆိုတော့ကျ သူလေးတို့ မေမေမျက်နှာ ဘယ်လိုဖြစ်သွားမယ်ဆိုတာ စဉ်းစားသာ ကြည့်ပါတော့ ခင်ဗျာ။အဲဒါမျိုးတွေ လူ ၃၁ ယောက် ယူပြီးပြီဆိုတော့ ကိုအောင်မျိုးကြီး တအားပင်ပန်းတယ်ပေါ့။ တို့ဖတ်ဘူးလေးတွေ စီပြီး ရေခဲပုံးထဲထည့်၊ ပိတ်ပြုပြီးတော့ ပီပီအီးဘာညာ ချွတ်ကာ အေးမြခြင်းရဲ့ အရသာကို ကော်ရစ်ဒါတလျောက် လမ်းလျှောက်ရင်း ခံစားတယ်ပေါ့။အောင်မယ်မယ်။ လူနာခန်းတွေရှေ့ ဖြတ်တော့ မှန်ခန်းထဲကနေ စောစောက ဂွမ်းတံနဲ့ သုံးခါအထိုးခံလိုက်ရတဲ့ ၁၆ နှစ်မလေးက သိသိသာသာ မျက်စောင်းထိုးပြတယ်။ သို့သော် သူဟာ နဂါးမလေးဖြစ်ခဲ့ရင်တောင် အဲဒီ ထိုးလိုက်တဲ့ မျက်စောင်းဟာ၊ ဒီက ကိုအောင်မျိုးကြီးရဲ့ တိုင်းပြည်နဲ့လူမျိုး အပါအဝင် တိုင်းရင်းသား ရခိုင်တွေအပေါ် ထားတဲ့ မေတ္တာအဟုန်ကို ခွင်းပြီး ထွင်းနိုင်လိမ့်မယ် မထင်မိပေါင်။ ဟီဟီ။ အဲဒါ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ကလေးမက ကိုယ့်ကို မျက်စောင်းလှမ်းအထိုး၊ ကျွန်တော့် ဘယ်ဘက်မျက်စိထဲ ပိုးကောင်လေး ဆတ်ခနဲ့ဝင် ထင်ပါရဲ့၊ ဖျတ်ခနဲ့ မျက်လုံးတစ်ဖတ် မှိတ်လိုက်မိတာကို… ဟို အမေလုပ်တဲ့ ရခိုင်မက မြင်ဖြစ်အောင် မြင်ပြီး ရေခွက်ကို ဆောင့်ချတယ်။ အဲ… ဒါကြီးကတော့ ဘယ်မေတ္တာအဟုန်နဲ့မှ တားနိုင်မယ်မထင်လို့ မြန်မြန်လေးပဲ လစ်ခဲ့ပါတော့တယ်။

ကျွန်တော် အခု ရေးပြတဲ့ ဇီဝိတကွာရန်တင်း စင်တာဟာ ကန်တော်ကြီးမှာပါ။ မန္တလေးမှာ ကိုဗစ်တွေ စစ်တဲ့ဌာနက ၃၅ လမ်းမှာ။ ဒီတော့လည်း ကျွန်တော့်မှာ တို့ဖတ်ဘူးတွေ ထည့်ထားတဲ့ စောစောက ရေခဲပုံးကြီး ခွေးဘီလူးကားလေးနောက်တင်ကာ ကန်တော်ကြီးလမ်းအတိုင်း အရှေ့တက်ခဲ့တယ်ပေါ့။ အဲဒါ မြို့ဟောင်းဈေး လမ်းဆုံအရောက်မှာ ကားတန်းထဲ ပိတ်မိနေပြီး လမ်းနည်းနည်းကြပ်လို့ မှေးမောင်းရတယ် မို့လား။ အဲလို နေတုန်း စိတ်ကူးယဉ်တာပေါ့။တကယ်ဆို ငါ သူတို့လေးတွေကို ဒီ့ထက်ချိုချိုသာသာ ဆက်ဆံခဲ့သင့်တာ” ဘာညာပေါ့ဗျာ။ အတွေးတွေ ပွားနေတာ။ “တကယ်လို့ အစိုးရကသာ မပူတဲ့ ပီပီအီးတွေ တီထွင်ပေးမယ်ဆို ငါဒီထက် ချိုချိုသာသာ ပြောဆိုနိုင်မှာပဲ” ဘာပဲနဲ့ အစိုးရကိုလည်း နာနာဆဲပေါ့။ ဟီးဟီး။ အဲလိုတွေ တွေးနေတုန်း ကားနောက်ခန်းဆီက ညိမ့်ခနဲ့ တစ်ချက်ခံစားလိုက်ရပြီး ဘေးကနေ တစ်ယောက်ယောက်က လှမ်းအော်တာယူသွားပြီ၊ ယူသွားပြီ၊ ခင်ဗျား ဟာကြီး ယူသွားပြီ” တဲ့။

ဟ… သောက်လခွေး။ ခွေးဘီလူး ကားနောက်ခန်းမှာ တင်ထားတဲ့ ကိုဗစ်ရေခဲပုံးကြီး လူယူပြေးတာဗျား။ အား။ ဘာပြောကောင်းမလဲ။ ကျွန်တော်လည်း ကားပေါ်ကဆင်းပြီး ဒုန်းစိုင်းလိုက်တော့တာပေါ့။စိတ်ဟာ လက်ဖျစ်တတွတ်အတွင်း ကုဋေဘယ်နှသန်းဆိုလား ဖြစ်တယ်ဆိုရဲ့။ ဒီ ရေခဲပုံးကြီး ပြန်မရရင် ၃၁ ယောက်လုံး အသစ် ပြန်ယူရမှာ။ စောစောကမှ တို့ဖတ်အယူခံထားရတဲ့ လူအုပ်ကြီးဟာ နောက်တစ်ခါသာဆိ အိုငါတော့ သေပြီ။ တခြားလူတွေအသာထား ဟို ရခိုင်မ လုပ်တာနဲ့ ပဲ ငါသေမှာ။ ငါမသေချင်သေး။ တော်ကြာ ရခိုင်မလေးငို အဲ ဟုတ်ပေါင်။ လိုက်ဟ အောင်မျိုးရ။ မင်း ပြဿနာ မတက်ချင်ရင် အဲဒီ ရဲခဲပုံးကြီး မရ ရအောင် လိုက်ယူဟ ပေါ့ဗျာ။ယူပြေးတာကလည်း ကလေးသာသာ ကောင်လေးဗျ။ မအေပေးလေးက ကိုဗစ်ပုံးကို ဘာထင်နေတယ် မသိ။ ကလေးသာဆိုတယ် အပြေးက ချန်ပီယံလားမသိ။ သင်းကိုတော်တော်နဲ့ မမိ။ အကြိုအကြားတွေ အကုန်လျှောက်ပြေးပြီးတဲ့ အဆုံးကျမှ အိမ်လေးတစ်လုံးထဲ ဝင်သွားတယ်။ ကျွန်တော်လဲ ဟောဟဲခတ်နေပြီ။

“စောစောက ကလေးယူပြေးသွားတဲ့ ပုံးလေး ကျွန်တော်ပြန်လိုချင်လို့ပါ”အိမ်ရှေ့ကပြင်မှာ ထဘီရင်ရှားနဲ့ မိန်းမ၊ ဘာတွေလည်း မသိ၊ ကုန်းလုပ်နေရာက မလှုပ်ပါ။ တော်တော်ကြာကြာ ဇွဲခတ်မေးတော့မှ..ဘယ်က ကလေးလဲ။ ဒီအိမ်မှာ ဘာကလေးမှ မရှိဘူး” တဲ့။ အထဲက အသက် ၅၀ လောက် လူကြီးတစ်ယောက် ထွက်လာပြီး ဗြောင်လိမ်တာ။ ဗိုလ်ချုပ်ခင်ညွန့် ခေတ်က နွားခိုးတဲ့ ရွာတစ်ရွာ ရှိဆိုလား။ အဲဒီရွာက နွားခိုးပြီး တစ်ရွာလုံး မျှစားကြတာတဲ့။ ဒါပေတဲ့ ရွာထဲက ကြိုက်တဲ့ ကလေးတစ်ယောက်ယောက်ကို “မင်းတို့အိမ် ဘာချက်လဲ” မေး၊ “ဂဂျွန်းရွက်ကြော်” လို့ချည်း ဖြေတာဆိုပဲ။ အခုလည်း ဒီလူတွေက အဲဒီ “ဂဂျွန်းရွက်ကြော်” ဆိုတဲ့ အကွက်တွေ။ကျွန်တော်လည်းမောနေတော့ ကြာကြာ စိတ်မရှည်ချင်။ အဲဒီ ကလေးယူသွားတာ အဖိုးတန် ပစ္စည်း ဘာညာ ပါတဲ့ သေတ္တာမဟုတ်၊ အခု ခေတ်စားနေတဲ့ ကိုဗစ်ပိုးတွေ သယ်လာတဲ့ ဟာလို့လည်း ရှင်းပြလိုက်ရော“ဟေ့ ရဲဇော်ဝင်း၊ သူတောင်းစားလေး။ နင့်စောက်သေတ္တာကြီးပါ မြန်မြန်ယူပြီး ထွက်ခဲ့” တဲ့။ မိန်းမက ကြောက်လန့်တကြား စွတ်အော်တာ။ စောစောက ကလေးဟာ မျက်ကလူးဆန်ပြာနဲ့ စောစောက သူယူပြေးတဲ့ ရေခဲပုံးကို သိုင်းကြိုးကနေ တံမြက်စည်းရိုးနဲ့ ထိုးမပြီး ထွက်လာရှာတယ်။ အို… ကြောက်တတ်လိုက်တာ။

“ဟေ့နေဦး။ မင်း ကလိမ်ကကျစ် မလုပ်နဲ့”ဟို… အသက် ၅၀ အရွယ် ဦးဗြောင်လိမ်ကြီးက ကျွန်တော့်ကို လှမ်းပြောတာ။ ကျွန်တော်က အံ့ကြီးမက ဩသွားပြီးခင်ညာ … ကျွန်တော် ဘာများ ကလိမ်ကကျစ် လုပ်မိတာပါလိမ့်” ဆိုတော့ ဟိုလူကြီးက လက်ယဉ်တယ်။ ကျွန်တော့် အနားရောက်ချလာပြီး ပုခုံးကို ကိုင်ကာ ဇွတ်ထိုင်ခိုင်းတာ။အဲဒီ သေတ္တာ ဖွင့်ပြ” တဲ့။ သူက အခုထိ ဒါကို တစ်ခုခုပါတဲ့ သေတ္တာထင်နေသေးတာ။ ဘေးဘီကြည့်လိုက်တော့ ပတ်ဝန်းကျင်ကလည်း ကျိုးတို့ ကျဲတဲ။ အို… မဟုတ်လည်း ကိုယ့်အထဲ ဘာပါတာ မှတ်လို့ဆိုပြီး နားအေးအောင် ဖွင့်ပြလိုက်တာဟာ… အထဲမှာ ဘာမှကို မပါဘူးဗျာ။ တကယ်ကို ဘာမှ မပါတာ။ ကျွန်တော့်မျက်နှာ ပြာထွက်သွားတာ။ ဒါကို ရိပ်မိတဲ့ ဟို ဦးဗြောင်ငြင်းကြီးကဘယ်မလဲ ကိုဗစ်ပိုး” တဲ့။ ကျွန်တော်လည်း ချောလဲရောထိုင်ပေါ့ဗျာ။ အထဲက ရေခဲခြောက်ထုပ်လေးတွေ အသာကိုင်တဲ့ပြီး ပွတ်ကာသပ်ကာအို… ခင်ဗျားတို့ ဒီဟာကို ကျွန်တော်မလာခင် ဖွင့်လိုက်ကြသေးလား။ သွားပါပြီ။ ဒီအထုပ်လေးတွေဟာ ကိုဗစ်တွေထည့်ထားတဲ့ဟာ။ ကြည့်။ အခု အရည်ပျော်စ ပြုနေပြီ။ သွားပါပြီ။ သွားပါပြီ” နဲ့ ညည်းကြောက်ကြီး လုပ်ပြလိုက်တာ၊ ဟိုမိန်းမက ဦးဗြောင်ငြင်းကြီးကို ထကလော်တုပ်ပါလေရော။“ကို သိန်းဦး၊ သူတောင်းစားကြီး။ တော် တော်တော် ရီးရှည်ပါလား။ သူ့ ပစ္စည်းသူ မြန်မြန် ပြန်ပေးလိုက်” တဲ့။ သူတို့ လင်မယား ပီယဝါစာ ချစ်ဖွယ်သော စကားတွေနဲ့ တစ်ယောက်ကို တစ်ယောက် ကျီစယ်နေကြတုန်း ကျွန်တော်လည်း ရေခဲပုံး အလွတ်ကြီးကို စလွယ်သိုင်းကာ ကားရှိရာ ပြေးရပြန်ပါတော့တယ်။

ဘာကြောင့် ပြေးရပြန်ပါသလဲ။ ဒီအဖြေကို ပေးရရင် အခု ကျွန်တော် မရမက လိုက်ယူထားတဲ့ ရေခဲပုံးထဲမှာ ဘာကြောင့် တို့ဖတ်ဘူးတွေ မပါတော့ပါသလဲ လို့ တွေးရမယ်ဗျ။ ဘယ်ပါမလဲဗျ။ ကျွန်တော် တိုင်းရုံးကနေ ရေခဲပုံးနှစ်ပုံး ထုတ်ခဲ့တာ။ တစ်ပုံးမှာ တို့ဖတ်ဘူးတွေပါတယ်။ တစ်ပုံးမှာ မပါဘူး။ စောစောက ကားတန်းထဲ ညပ်မိနေတုန်း ဟို ‘မအိမ်လုံး’ လေး ယူပြေးတာက ပုံးအလွတ်ကြီးဗျ။ ကျွန်တော်က ဗြုန်းခနဲ့ဆို သူယူပြေးတော့ အဲဒါ မတွေးအားဘဲ ပြေးလိုက်ခဲ့တာ။ ဆိုတော့ကာ ကားပေါ်မှာ ကျန်ခဲ့တဲ့ ပုံးများ၊ ကျွန်တော် အခု ဒီလိုလာနေတုန်း တစ်ယောက်ယောက်က ‘ဘုံး’ သွားရင် သေပြီ။ ဟို ရခိုင်မနဲ့တင် ကျွန်တော်သေပြီ။ အို… ခလေးမလေးတွေရဲ့ အမေကို ကျွန်တော် ကြောက်တယ်။ ဒီတော့လည်း ပြေးပေဦးတော့ တစ်ခေါက်။အဲဒါ ကားဆီ ရောက်ရောက်ချင်း ကြိုဆိုနေကြတာက စည်ပင်သာယာတွေပါ။ သူတို့က မရပ်ရမယ့် နေရာမှာ ကားရပ်ထားခဲ့လို့ဆိုပြီး ကျွန်တော့်ကားကို ဘီးသော့ခတ်ပြီးကြပြီ။ အီ။

“တကယ်တော့ကွာ… ဒီရေခဲပုံးနောက် လိုက်ရင်း”ကျွန်တော် ဘယ်လို ရှင်းပြပြ မရပါဘူး။ကျွန်တော်တို့လည်း အဖွဲ့နဲ့မို့ နားလည်ပေးပါ” တဲ့။ ဟုတ်တယ်။ သူတို့ ကားဖမ်းလာတဲ့ အဖွဲ့ဟာ ရှစ်ယောက်တိတိ ရှိတယ်။ သူတို့ နားလည်ခိုင်းတာကို ကျွန်တော် နားလည်ပါတယ်။ ဝန်ထမ်းချင်းပဲ။ ညှိလိုက်ရင် တစ်သောင်းခွဲလောက်နဲ့ ပြတ်မှာပဲ။အဲ…။ ဒီမှာ ဘာမဟုတ်တဲ့ သောက်ပိုအတွေးက ဝင်လာပြီး ကိုယ့်ဟာကိုယ် ဒရာမာတွေ ထချိုးတာ။ အို… ငါက ကိုဗစ်အတွက် အလုပ်လုပ်ပြီး ပြန်လာရတာ။ သွားတာလာတာ ဘာလမ်းစရိတ်မှလည်း ဘယ်သူကမှ ပေးတာမဟုတ်။ ကိုယ့်ယဉ်ကိုယ့်ကားနဲ့ ကိုယ်ဆီကိုယ်ထည့်ပြီး အိတ်စိုက်လုပ်နေရတာ။ … ရီးမှ တစ်သောင်းခွဲ အကုန်မခံနိုင်ဘူးကွာ ဆိုတဲ့ပြီးစစ်အစိုးရ ခေတ်က နည်းပေါ့ဗျာ။ ဟီးဟီး။ကျွန်တော့်အသိ စည်ပင်သာယာက ‘အစ်ကိုကြီး’ တစ်ယောက်ဆီ ဖုန်းဆက်လိုက်တယ်။ အို… ကိုအောင်မျိုးလား။ ချက်ချင်းပဲ။ အဲဒီကောင်တွေ ဖုန်းပေးလိုက် ကိုအောင်မျိုးတဲ့။ ဟဲဟဲ။ ဘာတတ်နိုင်သေးလဲ ဆိုပြီး ဖုန်းကို စပီကာဖွင့် ပေးပြောလိုက်တာ

အဲဒါ ငါ့အသိ စာရေးဆရာပါကွာ၊ သူဆိုတာ ဓာတ်ခွဲမှူး။ အခုက ကိုဗစ်အတွက် ဆွက်ယူပြီး ပြန်လာတာ၊ မင်းတို့က ကူညီပေးလိုက်ပါ ဘာညာပေါ့ဗျာ။ အာဟာ… အာဟာ။ ခဏနေတော့မှ ကျွန်တော့်ဆီ ဖုန်းပြန်ပေးဖို့ ပြောပြီး“ကိုအောင်မျိုး စပီကာပိတ်လိုက်ဦး” တဲ့။ ကျွန်တော်က ပိတ်ပြီးပြီလို့ ပြောတော့အဆင်ပြေမှာပါ ကိုအောင်မျိုး။ ကျွန်တော် ပြောပေးထားတယ်တဲ့။ ဒါပေမယ့် ကောင်လေးတွေ ကျေနပ်အောင် ကိုအောင်မျိုးက မုန့်ဖိုးလေးဘာလေး နည်းနည်းစီတော့ ပေးခဲ့လိုက်ပါဦး” တဲ့။စာဖတ်သူခင်ဗျာ။ ပျော်စရာကြီးနော်။ ကျွန်တော်က လူလည်ကျလိုက်ရတယ်လို့ ထင်တယ် မဟုတ်လား။ တကယ့်တကယ်မှာ သူ့ဆီက ဖုန်းချပြီးပြီးချင်း “ကိန်” ခနဲ့မအော်မိအောင် မနည်းကြီး နေလိုက်ရတာ ဒီက မောင်အောင်မျိုးလေး ရယ်ပါ။ကျွန်တော်က သူတို့ အထက်လူကြီးရဲ့ သူငယ်ချင်း။ အင်း။ အဲဒီလိုကောင်က ချက်ချင်းလက်ငင်း ကလေးလေးတွေ ဖြစ်သွားတဲ့ စည်ပင်လေးတွေကို စိတ်ကူးနဲ့ မုန့်ဖိုးပေးကြည့်လိုက်ပါဗျာ။ တစ်ယောက်ကို နှစ်ထောင် သုံးထောင်ပေးလိုက်လို့ ကောင်းပါမလား။အားပါးပါး။ အဲဒါ ငါး ရှစ်လီ လေးဆယ်နဲ့ ရှစ်ယောက်စာ လေးသောင်း‌တောင်မှ တောင်းတောင်းပန်ပန်ပါခင်ညာ။ဆိုတော့ကျ ပြောချင်တာက ဒီက ကိုအောင်မျိုးကို နှယ်နှယ်ရရ မမှတ်ကြပါနဲ့။ တကယ့် ဖိုက်တာကြီးရယ်ပါ။ ဒီနေ့ပဲကြည့်။ ကွာရန်တင်းထဲမှာ ဖိုက်တယ်။ ကျူးတဲလေးထဲမှာ ဖိုက်တယ်။ စည်ပင်သာယာနဲ့ ဖိုက်တယ်။ ဖိုက် ဖိုက် ဖိုက်။အဲ… အနိုင်အရှုံး စ ကားတော့ မပြောနဲ့ပေါ့။ အဲဒါ အားကစားသမား စိတ်ဓာတ်မရှိရာကျတယ်။

Leave a Reply

Your email address will not be published. Required fields are marked *